MT News
၁၄. ၁၁. ၂၀၂၆
မြန်မာအနုညာတခုံသမာဓိများအဖွဲ့က သင်ကြား ပို့ချသည့် Myanmar Arbitration Course 13 သင်တန်းဆင်းပွဲကို ဝန်ကြီးများရုံး (အတွင်းဝန်များရုံး) တွင် ယနေ့ညဦးပိုင်းက ကျင်းပခဲ့သည်။
မြန်မာအနုညာတစီရင် ဆုံးဖြတ်ခြင်းဗဟိုဌာနနှင့် မြန်မာအနုညာတခုံသမာဓိလူကြီးများအဖွဲ့တို့၏ Founding Father နှင့် ဥက္ကဋ္ဌ ဖြစ်သူ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းမှ Arbitration သင်တန်းကို ပို့ချပေးခဲ့ခြင်းဖြစ်သည်။

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန (Myanmar Arbitration Centre) ကို ပြည်ထောင်စုမြန်မာနိုင်ငံတော် ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ပံ့ပိုးမှုဖြင့် (၂၀၁၉)ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Arbitration သင်တန်းကို (၂၀၁၉) ခုနှစ်အတွင်းမှာ ပထမဆုံးသင်တန်း (first batch) အနေနဲ့ စတင်ဖွင့်လှစ်ခဲ့သည်။
ထိုသင်တန်းများသည် အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရာတွင် အသုံးပြုသော Arbitration နည်းလမ်းနှင့် ဖြေရှင်းခြင်းစနစ်ကြီး ပြန့်ပွားလာစေရန်၊ ဖြေရှင်းခြင်းနည်းစနစ်ကို အထောက်အကူဖြစ်စေရန်နှင့် Arbitration နည်းလမ်းအတိုင်း ဖြေရှင်းပေးနိုင်သည့် Arbitrator များ ထွက်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။





Arbitration သင်တန်းကို မည်သည့်ဘွဲ့ရမဆို သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ တက်ရောက်နိုင်သော်လည်း ပထမဆုံးအကြိမ်ဖွင့်လှစ်ခဲ့စဉ်က သင်တန်းတက်ရောက်သူဦးရေ (၃၀) ဦးသာ ရှိခဲ့သည်။ Covid ဖြစ်ပွားခဲ့သောကာလကျော်လွန်ပြီးနောက် Arbitration သင်တန်းကို ဆက်လက်ဖွင့်ခဲ့ရာ ယခုဆိုလျှင် (၁၃) ကြိမ်မြောက် သင်တန်းကို ပို့ချပြီးဖြစ်သည်။ Batch 13 ကိုလျှောက်ထားသူ လူဦးရေ အယောက် (၂၀၀) ကျော်ရှိခဲ့သော်လည်း အခြေအနေများအရ (၁၅၀) ယောက်သာ လက်ခံနိုင်ခဲ့ပြီး ကျန်ခဲ့သူ အယောက်(၅၀) ခန့်ကို လာမည့် ဇန်နဝါရီလတွင် ဖွင့်လှစ်မည့်သင်တန်းထဲသို့ ထည့်သွင်းထားကြောင်း သိရသည်။




Myanmar Arbitration Centre သည် Arbitration နည်းလမ်းဖြင့် မြန်မာနိုင်ငံသားအချင်းချင်း ဖြစ်ပွားသော အငြင်းပွားမှုများသာမက မြန်မာနှင့် နိုင်ငံခြားသား၊ နိုင်ငံခြားသားအချင်းချင်းဖြစ်ပွားသော ကူးသန်ရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများကိုပါ အောင်မြင်စွာ ဖြေရှင်းပေးလျှက်ရှိကြောင်းလည်း သိရသည်။
