၁၃.၅ .၂၀၂၆
Written by Thiri
ဝေးလံခေါင်ဖျားဒေသတွေကနေ မိဘတွေက ပညာရေးအတွက် သာသနာ့ဘောင်ကို ဝင်ရောက်စေခဲ့လို့ စာသင်ရင်း သာသနာ့ဝန်ထမ်းနေသူ ကိုရင်ငယ်ကို ကျောင်းရှိ ကိုရင်ကြီးက အချောင်ခိုတယ်ဆိုကာ ခြေထောက်တက်နင်းတာကြောင့် အသားကြေ ပြည်ပုပ်တည်ကာ ပဲခူးဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားတဲ့ ကျောင်းတိုက်က ပဲခူးတိုင်း သနပ်ပင်မြို့နယ် အပိုင်ထဲကဖြစ်ပြီး (ကျောင်းတိုက်နာမည်ကိုတော့ MT News က ထုတ်ဖော်ရေးသားခြင်း မပြုရပါ) ကိုရင်ငယ်က အသက် ဆယ်နှစ်အရွယ်လို့ သိရပါတယ်။

“ကိုရင်က ဆော့ရင်းနဲ့ ခြေချော်လဲတယ်တဲ့။ အဲဒီကတည်းက ခြေထောက်နာနေတယ်။ နောက်နေ့ မနက်ကြတော့ ဆွမ်းခံလိုက်ဖို့ ကိုရင်ကြီးက ခေါ်တယ်။ မလိုက်နိုင်လို့ ဒီလို ဒီကြောင်း ဖြစ်နေလို့ပါပေါ့… ကိုရင်ငယ်လေးကပြန်ပြောပါတယ်။ ဒါကို ကျောင်းက ကိုရင်ကြီးက ဘယ် ခြေထောက်ဖြစ်တာလဲပေါ့။ မနာဘဲနဲ့ ဆွမ်းခံမလိုက်ချင်လို့ လိမ်ပြောတယ်ဆိုပြီး ဖြစ်တဲ့ ခြေထောက်ကို တက်နင်းတယ်။ နင်းချေတယ်။ ဖနောက်နဲ့ပေါက်တယ်တဲ့။ အဲလိုနဲ့ကျောင်းမှာ လေးငါးရက်လောက်ကြာပြီးမှ တစ်နေ့က ၁၁ ရက်နေ့က ရောက်လာတာ”လို့ ကိုရင်လေး ဆေးကုသနိုင်ရေး အကူအညီပေးနေတဲ့ ပဲခူးမြို့ခံ ပရဟိတသမားတစ်ဦးက ဆိုပါတယ်။
ကိုရင်ရဲ့ အဖြစ်ကို ကျောင်းထိုင်ဆရာတော်လည်း သိရှိသွားပြီး ငွေထုတ်ပေးကုသစေတာမို့ ပဲခူးဆေးရုံဆီ တက်ရောက်ကုသနေပေမယ့် ဆေးဝါးကုသစရိတ် လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
“ခွဲစိတ်ခန်းဝင်ရတယ် အသားစတွေကို ဖယ်ရှားလိုက်ရတယ်။ ဆေးဖိုးမတတ်နိုင်တော့လို့ အကူညီတောင်းခံလာပါတယ်။ ဆေးလူမှူ့နဲ့လည်း ချိတ်ဆက်ပေးထားပါတယ်။ ကိုရင်လေးနဲ့တွေ့ပြီး တိုက်ရိုက်လှူဒါန်းမယ်ဆိုရင်လည်း လိုက်ပြပြီး ကိုယ်တိုင်လှူဒါန်းလို့ရပါတယ်” လို့ ကိုရင်လေးကို အကူအညီပေးနေတဲ့ ပရဟိတစေတနာ့ဝန်ထမ်းက ဆိုပါတယ်။

ခြေထောက်က အရိုးမထိပေမယ့် ခြေကျင်းဝတ်တဲ့ ခြေသလုံး ကြွက်သားတစ်လျှောက်က အသားပုပ်တွေကို ဖယ်ထုတ်ရပြီး အသားစ စစ်ဆေးလို့ အခြားရောဂါဖြစ်ပွားမှု မရှိရင်တောင် ခြေထောက်သိမ်သွားနိုင်တဲ့ အခြေအနေတော့ ရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့က ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရ၊ ရခိုင်ကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဦးတေဇဆိုသူက ဆယ်နှစ်အောက် ကိုရင်ငယ်တစ်ပါးကို ရိုက်နှက်တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးတဲ့နောက် အဆိုပါ ဘုန်းကြီးကို လူဝတ်လဲကာ ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) နဲ့ အရေးယူထားတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
