၁၂.၁၀.၂၀၂၆
Written by Linn Eain
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။
အင်းလေးဖောင်တော်ဦးဘုရားရှိ ရုပ်ရှင်တော်မြတ် လေးဆူသည် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ပွားများစေရေးအတွက် အင်းလေးဒေသဝဲယာ (၂၁) ဌာနသို့ ရိုးရာအစဉ်အလာအတိုင်း ၁၉ ရက်ကြာ ဒေသစာရီကြွချီ ပူဇော်ခံလှည့်လည်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက် ၅ နာရီတွင် မူလသီတင်းသုံး စံပယ်တော်မူရာ ရတနာစံကျောင်းတော်၌ ရောင်ခြည်တော်ဖွင့်ခြင်း၊ အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပြီး နံနက် ၇ နာရီတွင် ရတနာစံကျောင်းတော်မှ ကရဝိက်ဖောင်တော်ဖြင့် အင်းတိန်ကျေးပေါခုံကျောင်းရှိ အင်းတိန်စံကျောင်းသို့ စတင်ပင့်ဆောင် ပူဇော်ခံခဲ့ကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာ ၁၃ ရက်၊ နံနက် ၈ နာရီခွဲတွင် အင်းတိန်စံကျောင်းမှ ဟဲယာရွာမကျေးရွာရှိ ဟဲယာရွာမစံကျောင်းသို့ ပင့်ဆောင် ဆက်လက်အပူဇော်ခံမည်ဖြစ်သည်။
ဆက်လက်၍ ဘုရားပွဲတော်ကာလ ၁၉ ရက်အတွင်း ရှေးရိုးရာအစဥ်အလာအတိုင်း အင်းလေးဒေသအတွင်းရှိ ၂၁ ဌာနနေရာသို့ အပူဇော်ခံကြွရောက်ကာ (သီတင်းကျွတ်လပြည့်ကျော် ၃ရက်)အောက်တိုဘာ ၂၉ ရက် နံနက်တွင် မူလသီတင်းသုံးတော်မူရာ ရတနာစံကျောင်းတော်သို့ ပြန်လည်ကြွချီ၍ စံကျောင်း တော်ဝင်ပွဲကျင်းပမည်ဖြစ်သည်။
ပွဲတော်ကာအတွင်း အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ အကြိုပွဲစဉ်များအဖြစ် အောက်တိုဘာ ၁၆ ရက်တွင် ရေလယ်ဧည့်ခန်းမရှေ့ရေပြင်ကျယ်၌ ကျင်းပသွားမည်ပြီး ဆက်လက်၍ ညောင်ရွှေမြို့ နန်းကပ်ချောင်းနှင့် အင်းလေးဖောင်တော်ဦးဘုရား၊ ရတနာစံကျောင်းတော်ရှေ့ရေပြင်၌ လည်းကောင်း စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။










