◾ လက်ရှိ မြန်မာပြည်သူများ၏ မျှော်မှန်းသက်တမ်း ၆၉ နှစ်မှ ၂၀၃၀ ပြည့်နှစ်တွင် နှစ် ၇၀ ကျော်အထိ တိုးမြှင့်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်းပါ ပြောကြား
သတိုး
၁၂. ၁၀. ၂၀၂၆
ကျန်းမာရေးဝန်ကြီးဌာန၏ ဆရာဝန် (သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား ယနေ့ ကျင်းပခဲ့ရာ မိမိတို့၏ ပညာများကို အသုံးချ၍ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စေတနာထား ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးထံမှ သိရသည်။
နိုင်ငံတော်သမ္မတက ဆရာဝန်သစ်လွင်များအား မှာကြားရာတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၌ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒနှင့်အညီ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်” ဆိုသည့် ရည်မှန်းချက်ထားပြီး မြို့ပြနှင့် ကျေးလက်မကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ မြန်မာပြည်သူများ၏ မျှော်မှန်းသက်တမ်း ၆၉ နှစ်မှ ၂၀၃၀ ပြည့်နှစ်တွင် နှစ် ၇၀ ကျော်အထိ တိုးမြှင့်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ကျန်းမာရေးကဏ္ဍအတွက် ၂၀၀၀ ပြည့်နှစ်တွင် စုစုပေါင်းအသုံးစရိတ်၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာမှ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း (ကျပ်သန်း ၁,၃၉၁ ဘီလီယံကျော်) အထိ တိုးမြှင့်ပေးထားကြောင်း၊ Naypyitaw State Academy တွင် ဆေးသိပ္ပံပညာ မဟာဌာနကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိ ဆေးတက္ကသိုလ် (၆) ခုနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် (၁၁) ခု၊ စုစုပေါင်း (၁၇) ခုရှိလာကာ သင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီ စုစည်းချိတ်ဆက် သင်ကြားရေးစနစ်သို့ ပြောင်းလဲပေးထားကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ခုတင် ၂၀၀ ဆံ့ ဆေးရုံများကို ခုတင် ၃၀၀ ဆံ့ ဆေးရုံများအဖြစ် အဆင့်မြှင့်ပေးခြင်း၊ အခြေခံမရှိမဖြစ် ဆေးဝါးများ၊ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းသုံး ဆေးပစ္စည်းများနှင့် ခေတ်မီစက်ကိရိယာများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဆရာဝန်လစ်လပ်နေရာများ မြန်မြန်ဆန်ဆန် ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် အလုပ်သင်ဆရာဝန်ကာလ ပြီးမြောက်သူများကို တိုက်ရိုက်ခန့်အပ်ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်လည်း သစ်လွင်ဆရာဝန် (၁,၂၇၆) ဦးနှင့် သွား/ခံတွင်းဆရာဝန် (၂၃) ဦးတို့ကို ခန့်အပ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ လူနာများကို ကုသရာတွင် စေတနာ၊ ဂရုဏာ ရှေ့ထား၍ မိမိတို့၏ မိဘ၊ မောင်နှမ၊ ဆွေမျိုးများသဖွယ် မိသားစုစိတ်ဓာတ်ဖြင့် ကုသပေးရန်နှင့် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိန်းသိမ်းရန်၊ ရောဂါဖြစ်မှ ကုသပေးရုံတင်မဟုတ်ဘဲ ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးနှင့် ကျောင်းကျန်းမာရေး/အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးရန်၊ ကလေးသူငယ်များ၏ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးခြင်း၊ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ ကြိုတင်ကာကွယ်ခြင်းတို့ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်၊ ပြည်သူ့ဆေးရုံများတွင် လူနာများကို တတ်နိုင်သမျှ ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲငွေ လျော့နည်းစေရေးနှင့် သန့်ရှင်းသပ်ရပ်စွာဖြင့် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးကြရန်၊ ဆေးပညာရပ်များ အမြဲတိုးတက်ပြောင်းလဲနေသဖြင့် ဘဝတစ်လျှောက်လုံး စာဖတ်ခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် မဟာဘွဲ့၊ ပါရဂူဘွဲ့များ ဆက်လက်ဆည်းပူးရန်၊ မိမိတို့၏ ပညာရပ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသော လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်လာအောင် ကြိုးစားကြရန်၊ ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်း ဖြစ်သဖြင့် မိမိတို့၏ ပညာနှင့် စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံး အသုံးချကြရန် တိုက်တွန်းမှာကြားခဲ့သည်ဟုလည်း သိရသည်။
