သက်တံ့
၁၂. ၁၀. ၂၀၂၆
ပိုလန်ဝန်ကြီးချုပ် Donald Tusk နှင့် ကာကွယ်ရေးဝန်ကြီး Wladyslaw Kosiniak-Kamysz တို့အား လုပ်ကြံရန် ကြံစည်မှုဖြင့် စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း Tusk က ပြောကြားခဲ့သည်။
Tusk နှင့် Wladyslaw Kosiniak-Kamysz တို့အား တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခြေရှိသည်ဆိုသည့် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ရဲတပ်ဖွဲ့က ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ကြိုတင်စီစဉ်ထားသော တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ရရှိပြီးနောက် ပိုလန်လုံခြုံရေးတပ်ဖွဲ့များသည် တနင်္ဂနွေနေ့တွင် အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တာဝန်ရှိသူများသည် ဤခြိမ်းခြောက်မှုကို “အလွန်တရာ စိုးရိမ်ဖွယ်ရာ အခြေအနေအဖြစ်”ကိုင်တွယ်နေကြောင်း ပြောကြားခဲ့သည်။
သံသယရှိသူအား ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့၏ “လျင်မြန်ပြီး ပြတ်သားသော အရေးယူဆောင်ရွက်မှု”အတွက် Tusk က ကျေးဇူးတင်စကား ဆိုခဲ့သည်။
သံသယရှိသူကို Low Silesia ဒေသတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ပိုလန်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း အထူးဝန်ဆောင်မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ Jacek Dobrzynski က ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
“ဒီဖြစ်စဉ်မှာတော့ ဒီခြိမ်းခြောက်မှုတွေဟာ တကယ်ပဲ ဖြစ်လာနိုင်ခြေ အရမ်းများတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။
ဝန်ကြီးများ၏ လုံခြုံရေးကို တာဝန်ယူထားသည့် နိုင်ငံတော်ကာကွယ်ရေးဝန်ဆောင်မှုအဖွဲ့ (State Protection Service) က ဖြစ်နိုင်ခြေရှိသော တိုက်ခိုက်မှုဆိုင်ရာ သတင်းအချက်အလက်များပါသည့် အီးမေးလ်တစ်စောင်ကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးပို့ခဲ့ရာမှ အဆိုပါအစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Karolina Galecka က ပြောကြားခဲ့သည်။
Tusk သည် ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှစ၍ ပိုလန်ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ၎င်းသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဥရောပကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
Ref: BBC
