၁၂.၁၀.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့၊ တောင်ကုန်းတဲကျေးရွာအကျော် ပေါက်ပင်တံတားအနီးတွင် DEMU (31) အဆန်အမြန်ရထား မောင်းနှင်လာစဥ် ကလေးချီကာ လမ်းဖြတ်ကူးသည့် သားအမိ ရထားတိုက်ခံရ၍ မိခင်သေဆုံးမှု အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သားအမိနှစ်ဦးမှာ ရထားလာစဥ် လမ်းဖြတ်ကူးရာမှ ရထားနှင့်တိုက်မိခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မစုလှိုင်မှာ ဦးခေါင်းနောက်စေ့ပွင့် ဒဏ်ရာ၊ ဘယ်ညာလက်ပွန်းပဲ့ဒဏ်ရာ၊ ညာဘက်ပခုံးပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
၎င်း၏သားဖြစ်သူ အသက် ၃ နှစ်အရွယ် မောင်ဦးဒီဘွားတွင် ဦးခေါင်းဖူးယောင်ဒဏ်ရာ၊ ညာလက်ကျိုးဒဏ်ရာနှင့် ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့ပြီး ကညွတ်ကွင်းတိုက်နယ်ဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။
မီးရထားလာစဥ် လမ်းဖြတ်ကူးသည့်မိခင်ကို မီးရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ- ၈၅ ဖြင့် ကညွတ်ကွင်း နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေး မီးရထားလမ်းတစ်လျှောက် DEMU ရထားများ စတင်ပြေးဆွဲပြီးနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း မတော်တဆမှု ၁၁ ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
