သက်တံ့
၁၂. ၁၀. ၂၀၂၆
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရန် အမည်စာရင်း ပေးပို့ထားကြောင်း ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ဖတ်ကြားခဲ့သည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ထားသည့် အမည်စာရင်းများအရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ကိုကိုလွင်တို့ကို ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုကြောင်း အဆိုပြုတင်ပြထားသည့် ပုဂ္ဂိုလ်နှစ်ဦးနှင့် ပတ်သက်၍ အတည်ပြုခန့်အပ်မှု သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အဆိုတင်သွင်းမှုကို ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ဆောင်ရွက်မည်ဖြစ်သည်ဟုလည်း ဦးအောင်လင်းဒွေးက ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)တို့၏ ပြည်ထောင်စုဝန်ကြီးတာဝန်များအပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
လက်ရှိအချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က တာဝန်ထမ်းဆောင်နေကာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်မှာ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
