သက်တံ့
၁၂. ၁၀. ၂၀၂၆
ဘန်ကောက်မြို့ရှိ နာမည်ကြီး ခေါက်ဆန်လမ်း (Khao San Road) ပေါ်တွင် ဝယ်ယူသူများထံ Laughing Gas (ရယ်မောစေသောဓာတ်ငွေ့) များ ထည့်သွင်းထားသည့် ဘောလုံးများ ဖြန့်ဖြူးပေးနေသည်ဟု စွပ်စွဲခံထားရသော အမျိုးသမီးနှစ်ဦးအား ဘန်ကောက်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
ဖမ်းမိသူနှစ်ဦးမှာ အသက် ၂၅ နှစ်အရွယ် Patralada Daothaisong နှင့် အသက် ၂၉ နှစ်အရွယ် Thidarat Boonmalert တို့ ဖြစ်ကြပြီး ၎င်းတို့အား စနေနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝတ္ထနာ (Watthana) မြို့နယ်၊ ဆူခွန်ဗစ် ၇၁ လမ်း (Sukhumvit 71 Road) ရှိ အဆောက်အအုံ အမှတ် ၁၀၂/၂ မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းတို့ထံမှ အမျိုးအစားစုံလင်သော ထုပ်ပိုးဗူးများနှင့်အတူ ၃ လီတာဆံ့ နိုက်ထရပ်စ်အောက်ဆိုက် (Nitrous Oxide) ဓာတ်ငွေ့ဘူး ၉၀ နှင့် ဘောလုံး ၂၇,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ အဆောက်အအုံအား ကြွေထည်ပစ္စည်း လက္ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်ထားသော်လည်း ဘန်ကောက်မြို့၊ ဖရာနခွန် (Phra Nakhon) မြို့နယ်ရှိ ခေါက်ဆန်လမ်းတွင် ရောင်းချရန်အတွက် ဘောလုံးများအတွင်း နိုက်ထရပ်စ်အောက်ဆိုက် ဓာတ်ငွေ့ဖြည့်သွင်းသည့်နေရာအဖြစ် အသုံးပြုနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၎င်းအမျိုးသမီးနှစ်ဦးစလုံးအား ခေတ်မီဆေးဝါးများကို တရားမဝင် တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း စသည့် စွပ်စွဲချက်များဖြင့် တရားစွဲဆိုထားသည်။
နိုက်ထရပ်စ်အောက်ဆိုက် (Nitrous Oxide) ဓာတ်ငွေ့ကို သွားဆရာဝန်များက သွားဘက်ဆိုင်ရာ ကုသမှုများပြုလုပ်စဉ် လူနာအား သတိမလွတ်ဘဲ စိတ်ငြိမ်စေရန် သုံးစွဲကြသည်။ အဆိုပါဓာတ်ငွေ့ကို ပမာဏလွန်ကဲစွာ ရှူရှိုက်ပါက ခဏတာ စိတ်ကြည်နူးခြင်း၊ စိတ်လက်ပေါ့ပါးသွားခြင်း သို့မဟုတ် မထိန်းနိုင်အောင် ရယ်မောခြင်းများကို ဖြစ်ပေါ်စေနိုင်ပြီး ပုံမှန်ဆက်တိုက် အသုံးပြုပါက ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။
Ref: Bangkok Post
