၁၂.၁၀.၂၀၂၆
Written by Thiri
ပဲခူးမြို့၊ ကမာနတ်ကျေးရွာမှာ အရက်မူးပြီး စကားများရာမှ တစ်ရွာတည်းနေသူကို ဓားနဲ့ ခုတ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ တရားခံ နိုင်လင်း (ခ) ဓားမ ဆိုသူအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ကို ပြောင်းလဲကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၁ ရက် ည ၁၁ နာရီခန့်က ကမာနတ်ကျေးရွာနေ စိုးကျော်ကျော်နဲ့ နိုင်လင်း (ခ) ဓားမတို့နှစ်ဦး အရက်မူးကာ စကားများ ရန်ဖြစ်ခဲ့ကြပြီး နိုင်လင်းမှ ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အခင်းဖြစ်နေရာမှာ စိုးကျော်ကျော်ရဲ့ ဦးခေါင်းနဲ့ နားတို့မှာ ပြတ်ရှဒဏ်ရာတွေနဲ့ လဲကျနေတာကို ၎င်းရဲ့ မိသားစုဝင်တွေက တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။
ဒဏ်ရာရရှိသူ စိုးကျော်ကျော်ကို ပဲခူးဆေးရုံကြီးဆီ အရေးပေါ် ပို့ဆောင် ဆေးကုသပေးခဲ့ပေမယ့်လည်း အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းမှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ တရားခံကို အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ဖို့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။
