၁၂.၁၀.၂၀၂၆
Written By Thandar
Mahar Original Series နဲ့ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းတင်ဆက်တဲ့ အချစ်ဒရာမာရသစုံဇာတ်လမ်းပုံစံ “ချမ်းမြေ့စေကြောင်း” ဇာတ်လမ်းတွဲမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ချမ်းမြေ့စေကြောင်းဆိုတဲ့ ဇာတ်လမ်းတွဲက မဟာနဲ့ဒုတိယမြောက်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းက နာမည်ကသာ ချမ်းမြေ့စေကြောင်းဆိုပေမယ့် တကယ်တော့ ဇာတ်လမ်းက အေးအေးလေး မဟုတ်ဘူး။ လူတွေရဲ့ လောဘတွေ၊ ဒေါသတွေ၊ အတ္တတွေရဲ့ ပူလောင်ရမှုတွေကို ရိုက်ပြထားတာပါ။ ဒီဇာတ်လမ်းလေးက မိသားစုဇာတ်လမ်းလေးလည်းပါသလို အချစ်တွေ၊ ဒရာမာတွေ ပါမှာဖြစ်လို့ ထူးခြားတဲ့ဇာတ်လမ်းပုံစံမျိုးနဲ့ မြင်ရမယ့်ဇာတ်လမ်းတွဲပါ”လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်း ကကြိုးသျှင်ရေးသားပြီး ဒါရိုက်တာ ကြည်ဖြူသျှင်က သရုပ်ဆောင်မင်းဘုန်းမြတ်၊ မင်းဦး၊ အောင်လေး၊ ဗညားဘုန်းပြည်၊ မေမီကိုကို၊ ဆုပန်ထွာ၊ Pepsi၊ သဇင်ထူးမြင့်၊ မြတ်ရတနာကျော်၊ မင်းသူ၊ ရဲမွန်၊ စိုင်းခန့်ဦး၊ ဂူးဂူး၊ သာသာ၊ အေးသီတာ၊ အိမ့်ကြာဖြူ၊ ဒေါ်ဝေဝေခင်၊ ထက်မြတ် ရွှေစင်၊ ဧည့်သည်သရုပ်ဆောင် ဇွဲ၊ သျှင်ရဲထွဋ်၊ နှင်းဝတ်ရည်ကျော်၊ တာတာ၊ မိုးသဲဖြူ၊ ကလေးသရုပ်ဆောင် ဆုရတီရှင်းသန့်၊ သက်မှူးအိမ်စည်၊ Ruby စတဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ ဦးသုတဆိုတဲ့ ပညာမတတ်ဆင်းရဲသား ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။ ဒီကားက ဒါရိုက်တာကြည်ဖြူသျှင်နဲ့ ဒုတိယအကြိမ် ထပ်ဆုံရခြင်းဖြစ်ပါတယ်။ ဒီလိုကာရိုက်တာမျိုးကို တစ်ခါမှ သရုပ်ဆောင်ဖူးခြင်းမရှိပါဘူး။ ကိုယ့်ရဲ့ ကာရိုက်တာက သိမ်ငယ်ညှိုးငယ်နေတဲ့ ပုံစံဖြစ်အောင် မျက်လုံးတွေ Body Movement တွေ အနည်းငယ် Control လုပ်ပေးပါလို့ ဒါရိုက်တာကိုပြောပြီး အဓိကအမူအယာကအစသေချာ ကြိုးစားသရုပ်ဆောင်ထားပါတယ်”လို့ အကယ်ဒမီ မင်းဦးက ပြောပါတယ်။
အပိုင်း ၃၀ စာပါဝင်မယ့် “ချမ်းမြေ့စေကြောင်း” ဇာတ်လမ်းတွဲကို လာမယ့် အောက်တိုဘာ ၁၄ ရက်ကစတင်ပြီး အပတ်စဉ် တနင်္လာကနေ သောကြာအထိနံနက် ၇ နာရီတိုင်းမှာ Mahar Application နဲ့ Mahar Movie Channel လိုင်းက ညနေ ၆ နာရီတိုင်းမှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
#KyiPhyuShin #ဒါရိုက်တာကြည်ဖြူသျှင် #MinPhoneMyat #AungLay #MayMiKoKo #MinOo #mahar #maharapplication #ချမ်းမြေ့စေကြောင်း #မဟာနဲ့ဆိုဇိမ်ပဲ
