
MT News
၂၇. ၁၁. ၂၀၂၆
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများကို စောင့်ကြည့် စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်အတွင်း ကနဦးကွင်းဆင်းစစ်ဆေးချက်များအရ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်မညီသော လျှပ်စစ်ဓာတ်အား ဆင့်ပွားသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
သို့ဖြစ်၍ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ခရိုင်၊ မြို့နယ် ပါဝင်သောကော်မတီအဖွဲ့ဖြင့် ထပ်မံကွင်းဆင်းစစ်ဆေးခဲ့ရာ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ငြိမ်းချမ်းသာစံကျေးရွာအုပ်စု ဦးပိုင်အမှတ်(၃၁/၁) ကွင်းအမှတ်(၄၄၈-က) ကလိန်တိန် အရှေ့ကွင်း (၃ ဒသမ ၀၆)ဧကတွင် ဦးအောင်ခင်၏ စပါးတလင်းနှင့် စပါးဂိုဒေါင်လုပ်ငန်း၊ ငြိမ်းချမ်း သာစံကျေးရွာအုပ်စု နွယ်နီကျေးရွာ ဦးပိုင်အမှတ်(၅၉၊ ၆၀/၁၊ ၆၀/၂)၊ ကွင်းအမှတ်(၄၄၈)၊ ကလိန်တိန် အနောက်ကွင်း(၄ ဒသမ ၁၈)ဧကတွင် ဒေါ်မြင့်မြင့်ကြည်၏ အလင်းရောင်နှင့် အထွေထွေသုံးလုပ်ငန်း၊ ငြိမ်းချမ်းသာစံကျေးရွာအုပ်စု ဦးပိုင်အမှတ်(၁၇/၁)၊ ကွင်းအမှတ်(၄၄၉-က)၊ ငြိမ်းချမ်းသာဇံ အနောက် ကွင်း(၃ ဒသမ ၅၄)ဧကတွင် ဦးစိန်အောင်၏ အလင်းရောင်နှင့် အထွေထွေသုံးလုပ်ငန်း၊ ဇီးချိုကုန်း ကျေးရွာအုပ်စု ဦးပိုင်အမှတ်(၁) ကွင်းအမှတ်(၄၉၀) ဇီးချိုကုန်းကွင်း(၂ ဒသမ ၇၉)ဧကတွင် ဦးစန်းယု ၏ အဆင့်မြင့်စိုက်ပျိုးရေးလုပ်ငန်း၊ နန္ဒာကျေးရွာအုပ်စု ဦးပိုင်အမှတ်(၁၇၂) ကွင်းအမှတ်(၄၅၀) နန္ဒာ တောင်ကျေးရွာ(၂ ဒသမ ၁)ဧကတွင် ဒေါ်တူးမာ၏ သီးနှံဂိုဒေါင်နှင့် ဓာတ်မြေဩဇာအရောင်းဆိုင် လုပ်ငန်း၊ ရွှေကျင်ကွက်သစ်ကျေးရွာ ဦးပိုင်အမှတ်(၁၂၉) ကွင်းအမှတ်(၄၅၀)၊ (၀ ဒသမ ၉၈)ဧကတွင် ဦးနေဝင်းနိုင် (ခ) ဦးဇော်လတ်၏ အလင်းရောင်နှင့် အထွေထွေသုံးလုပ်ငန်း၊ နန်းဦးလွင်ကျေးရွာအုပ်စု ဦးပိုင်အမှတ်(၁၈) ကွင်းအမှတ်(၅၁၂) ကန်ကောက်ကန်တွင်းကွင်း (၂ ဒသမ ၀၀)ဧကတွင် ဦးစိုးလင်း ၏ အထည်ချုပ်စက်ရုံလုပ်ငန်း၊ စုစုပေါင်းလုပ်ငန်း(၇)ခုတို့၏ ပုဂ္ဂလိကထရန်စဖော်မာ (၇)လုံးတို့သည် ခွင့်ပြုမိန့်တွင်မပါသည့် ၄၀၀ ဗို့အား ဓာတ်အားလိုင်းများအား တိုးချဲ့တည်ဆောက်သွယ်တန်း၍ ပြင်ပ Sub Meter များဖြင့် တရားမဝင် ဓာတ်အားခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ပုဂ္ဂလိက ထရန်စဖော်မာ(၇)လုံးကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားရှိပြီး လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာအဆင့်မြှင့်တင်လာနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများ ပိုမိုဖော်ထုတ်လာနိုင်သည်နှင့်အမျှ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများအား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို စည်းကမ်းတကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှု များတွေ့ရှိပါက Call Center များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သတင်းရရှိသည်။
