သက်တံ့
၁၄. ၁၀. ၂၀၂၆
မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့အမည်အသုံးပြုကာ အကောင့်တုများဖြင့် အလှူခံနေသူသည်ကို ဥပေဒအရ အမှူဖွင့်ထားသလို လိမ်လည်နေသည့် K Pay ကိုပါ ပိတ်သိမ်းရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့က သတင်းထုတ်ပြန်သည်။
မန္တလေးမြို့၊ မဟာမုနိဘုရားကြီးအား ရွှေစင်ရွှေပြားများလှူဒါန်းခြင်း၊ ညရုံခြုံထည်သင်္ကန်း အလှူခံခြင်း အပါအဝင် လှူဒါန်းမှုများကို “မဟာမုနိဘုရားကြီးဂေါပကအဖွဲ့” အမည်ရှိ Facebook Page, Live 24/7 Mahamuni Buddha Mandalay 3 You Tube Channel နှင့် MahamuniPagoda Trustees 3 Viber $ (-၇၅၅၅၀၀၀၁၆)ပါ Tik Tok အကောင့် လူမှုကွန်ရက်များ တရားဝင် ဖွင့်လှစ်ထားပြီး အလှူရှင်များကလည်း လှူဒါန်းလျက်ရှိကြသည်ဟု မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က အသိပေးသည်။
ယခုအခါ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့အမည်သုံးစွဲလျက် အကောင့်အတုများဖြစ်သည့် TikTok mahamunibuddha11 နှင့် mahamuni Pagoda Trustees, တာဝန်ခံ K-pay (၀၉-၆၈၃၈၅၆၃၃) (Ei Ei Phyoe) အမည်တို့ဖြင့် အလှူငွေများလှူဒါန်းနိုင်ကြောင်း လူမှုကွန်ရက်တွင် လိမ်လည်၍ ကြေညာဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ အဆိုပါ အကောင့်အတုများဖြင့် လှူဒါန်းမှုမပြုလုပ်ကြရန် ၎င်း အကောင့်(၂)ခုသည် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့အမည်သုံး၍ ကောက်ခံခြင်းဖြစ်ကြောင်း သိရှိနိုင်ပါရန်နှင့် ၎င်းအကောင့် K-pay အား သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားကာ ပိတ်သိမ်းရေးဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် လူမှုကွန်ရက် Online အသုံးပြုလိမ်လည်သဖြင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၀) ရဲစခန်းသို့ ပထမသတင်းပေးချက်အမှတ် (၈၁/၂၀၂၆) ဖြင့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေအရ အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့က အသိပေးကြေညာထားသည်။
