Screenshot
သတိုး
၁၉. ၉. ၂၀၂၆
ပြည်တွင်းပြည်ပ သာသနာပြု သက်တော်ရှည် ချမ်းမြေ့ဆရာတော်ဘုရားကြီး ယနေ့နံနက်ပိုင်းတွင် ဘဝနတ်ထံ စံလွန်တော်မူခဲ့ပြီဖြစ်ကြောင်း ချမ်းမြေ့ရိပ်သာဝေယျာဝစ္စအဖွဲ့ (စင်ကာပူ) က အထူးဝမ်းနည်းစွာ အသိပေးထားသည်။

“ကမ္ဘာတစ်ဝန်း ဗုဒ္ဓသာသနာတော် ပြန့်ပွားတိုးတက်ထွန်းကားရေးအတွက် မိမိဘဝတစ်လျှောက်လုံး အနစ်နာခံ၍ မမောမပန်း ဆောင်ရွက်တော်မူခဲ့သော ကျွန်ုပ်တို့၏ အလွန်ကြည်ညိုမြတ်နိုးရသည့် ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် Grandhantha International Hospital ၌ ငြိမ်းချမ်းစွာ ခန္ဓာ့ဝန်ချတော်မူခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည် မိမိဘဝတစ်လျှောက် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမတော်များကို အခြေခံ၍ မရေမတွက်နိုင်သော ဒါယကာ၊ ဒါယိကာမများအား ဓမ္မတရားတော်များ ဟောကြားပေးတော်မူခြင်း၊ မှန်ကန်သော ဓမ္မလမ်းစဉ်ပေါ်သို့ လမ်းညွှန်ဆုံးမတော်မူခြင်းနှင့် ကရုဏာ၊ မေတ္တာ၊ စေတနာအပြည့်ဖြင့် စောင့်ရှောက်ကူညီတော်မူခြင်းတို့ကို အစဉ်မပြတ် ပြုတော်မူခဲ့ပါသည်။ ဆရာတော်ဘုရားကြီး၏ မြင့်မြတ်လှသော ဓမ္မအဆုံးအမများ၊ အနန္တကျေးဇူးတော်များနှင့် သာသနာပြုလုပ်ငန်းများသည် တပည့်ဒါယကာ၊ ဒါယိကာမများနှင့် သတ္တဝါအပေါင်းတို့အပေါ် အစဉ်အမြဲ အကျိုးပြုလျက် ရှိနေမည်ဖြစ်ပါသည်။ ထိုသို့ မရေမတွက်နိုင်သော ဓမ္မကျေးဇူးတော်များအတွက် အထူးပင် ရိုသေလေးစားစွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆရာတော်ဘုရားကြီးအား အောက်မေ့သတိရလျက် ဝမ်းနည်းကြေကွဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ဆရာတော်ဘုရားကြီး ချန်ထားတော်မူခဲ့သည့် မြတ်နိုးဖွယ် ဓမ္မအမွေအနှစ်တော်သည် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အစဉ်အမြဲ အလင်းရောင်ပေးနိုင်ပါစေ။ သတ္တဝါအပေါင်းတို့၏ ငြိမ်းချမ်းရေး၊ ချမ်းသာရေးနှင့် အကျိုးစီးပွားအတွက်လည်း ဆက်လက်အထောက်အကူပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချမ်းမြေ့ရိပ်သာဆရာတော်ဘုရားကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ဇနကာဘိဝံသသည်ဘဝနတ်ထံ စံလွန်တော်မူချိန်တွင် သက်တော် ၁၀၀၊ ဝါတော် (၇၉) ဝါရှိနေပြီဖြစ်ပြီး အဆုတ်ရောင်ရောဂါဖြင့် ငြိမ်းချမ်းစွာ ပျံလွန်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆရာတော်ဘုရားကြီး၏ တပည့်သာဝကများက လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
သာသနာ့အာဇာနည် သက်တော်ရှည် ချမ်းမြေ့ရိပ်သာ ဆရာတော်ဘုရားကြီးသည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် လွန်တော်မူခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်က အသိပေးသလို စံကျောင်းချမည့် အန္တိမအဂ္ဂိစျာပန အစီအစဥ်ကို ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်ဟုလည်း ဖောိပြထားသည်။
