သက်တံ့
၁၉.၉.၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်သည် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အဓိကဝယ်ယူနေသည့် နိုင်ငံများကို အရေးယူပိတ်ဆို့ခြင်းဖြင့် ရုရှားစီးပွားရေးကို ဦးတည်ထိုးနှက်မည့် ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှု ဥပဒေကြမ်းကို သောကြာနေ့တွင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် အတည်ပြုပြဌာန်းလိုက်သည်။
ယခုသီတင်းပတ်အစောပိုင်းက အမေရိကန် အောက်လွှတ်တော်တွင် အတည်ပြုခဲ့သော အဆိုပါ ဥပဒေကြမ်းသည် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အများဆုံးဝယ်ယူနေသည့် ထိပ်သီး ၅ နိုင်ငံ (အထူးသဖြင့် တရုတ်နှင့် အိန္ဒိယ) တို့အပေါ် ပို့ကုန်အခွန် (Tariffs) ၁၀၀ ရာခိုင်နှုန်းအထိ ကောက်ခံနိုင်သည့် ကျယ်ပြန့်သော လုပ်ပိုင်ခွင့်များကို ထရမ့်ပ်အား အပ်နှင်းထားသည်။
ထရမ့်ပ်၏ တိုက်တွန်းတောင်းဆိုမှုကြောင့် ယင်းဥပဒေကြမ်းတွင် အီရန်၏ စွမ်းအင်နှင့် လက်နက်ကဏ္ဍများကို ပိတ်ဆို့မှုအထိ ပါဝင်တိုးချဲ့ထားသည်။
အဆိုပါဥပဒေကြမ်းကို ဇူလိုင် ၁၁ ရက်က ကွယ်လွန်သွားခဲ့သူ၊ ဝါရှင်တန်တွင် ယူကရိန်းဘက်မှ အခိုင်မာဆုံး ရပ်တည်ပေးခဲ့သူဖြစ်သည့် ကွယ်လွန်သူ အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ် (Lindsey Graham) အား ဂုဏ်ပြု၍ အမည်ပေးထားခြင်းဖြစ်သည်။
စာမျက်နှာ ၄၈ မျက်နှာပါဝင်ပြီး တရားဝင်အားဖြင့် “၂၀၂၆ ခုနှစ် လင်ဆေး အို ဂရေဟမ်၏ ရုရှားနှင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု အက်ဥပဒေ” (Lindsey O Graham Sanctioning Russia and Iran Act of 2026) ဟု အမည်ပေးထားသော ယင်းဥပဒေကြမ်းတွင် မိမိတို့သုံးစွဲသည့် သဘာဝဓာတ်ငွေ့၏ ၁၅ ရာခိုင်နှုန်းအောက်သာ ရုရှားထံမှ တင်သွင်းပြီး ရုရှားအပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းနေသည့် နိုင်ငံများအတွက် ကင်းလွတ်ခွင့်များ ပါဝင်သည်။
ထို့အပြင် ဥပဒေကြမ်းတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ရုရှားအစိုးရ အရာရှိကြီးများ၊ ဘဏ်များနှင့် အခြားဘဏ္ဍာရေးအဖွဲ့အစည်းများအပြင် လက်ရှိပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် အသုံးပြုနေသည့် ရုရှား၏ “အရိပ် ရေနံတင်သင်္ဘောအုပ်စု” (Shadow fleet) တို့ကို ပိတ်ဆို့အရေးယူသည့် အချက်များလည်း ပါဝင်သည်။
နယူးယောက်ပြည်နယ်မှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ရစ်ချတ် ဘလူးမန်းသဲလ် (Richard Blumenthal) က ယင်းဥပဒေသည် “ပူတင်၏ စစ်ပွဲယန္တရားကို အသက်ရှူကျပ်သွားစေမည့် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ” ဖြစ်သည်ဟု ယခင်က ဖော်ပြခဲ့သည်။
စွမ်းအင်နှင့် လေထုသန့်ရှင်းရေး သုတေသနဗဟိုဌာန (CREA) ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ရုရှား၏ ရေနံစိမ်းတင်ပို့မှု ၅၀ ရာခိုင်နှုန်းကို တရုတ်က ဝယ်ယူခဲ့ပြီး၊ အိန္ဒိယက ၃၇ ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်ခဲ့သည်။
အဆိုပါကာလအတွင်း တူရကီနှင့် ဥရောပသမဂ္ဂ (EU) တို့က ၅ ရာခိုင်နှုန်းစီ ဝယ်ယူခဲ့ကြသော်လည်း EU သို့ ရုရှား၏ စွမ်းအင်တင်ပို့မှုမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
လင်ဆေးသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်ခဲ့သည့် စစ်ပွဲအတွက် ရုရှားအား ပိုမိုပြင်းထန်စွာ အရေးယူရန် ထရမ့်ပ်အစိုးရအဖွဲ့ကို ကာလရှည်ကြာ တွန်းအားပေးခဲ့သူ ဖြစ်သည်။
ယင်းဥပဒေကြမ်းကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး ကလည်း ထောက်ခံခဲ့ပြီး ယခုလို “လွန်စွာအရေးပါသော ဥပဒေ” ကို လက်မှတ်ရေးထိုးပေးခဲ့သည့်အတွက် ထရမ့်ပ်ကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
“လင်ဆေးကို ဂုဏ်ပြုဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အပြည့်အဝနဲ့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်တာပဲ ဖြစ်ပါတယ်” ဟု ၎င်းက လူမှုကွန်ရက်တွင် ရေးသားခဲ့သလို”အမေရိကန်မှာ အာဏာရှင်တွေကို ရင်ဆိုင်ဖို့နဲ့ မှန်ကန်တဲ့ နည်းလမ်းအတိုင်း ဆောင်ရွက်ရင် ရလဒ်တွေ ထွက်ပေါ်လာစေဖို့ လုံလောက်တဲ့ အင်အားရှိတယ်ဆိုတာကို လင်ဆေးဟာ စက္ကန့်ပိုင်းမျှတောင် သံသယမဝင်ခဲ့ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။
အသက် ၇၁ နှစ်အရွယ် လင်ဆေးသည် ကီးယက်ဗ် (Kyiv) ခရီးစဉ်မှ ပြန်လာပြီး မကြာမီ ဇူလိုင် ၁၁ ရက်တွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် ဖြစ်ပွားသည့် “ပင်မသွေးလွှတ်ကြော ပေါက်ထွက်မှု” (Aortic dissection) ကြောင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
“သူဟာ သူ့ဘဝမှာ လုပ်ဖို့မွေးဖွားလာခဲ့တဲ့ အလုပ်ကို လုပ်ရင်းနဲ့ပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်” ဟု ထရမ့်ပ်က ထိုစဉ်က ပြောကြားခဲ့သည်။
လင်ဆေးသည် အမေရိကန်၏ ပြည်ပပါဝင်ပတ်သက်မှု ပမာဏနှင့် ယူကရိန်းသို့ ပေးအပ်နေသည့် အကူအညီများအပေါ် ရီပတ်ဘလစ်ကန်များအကြား သဘောထားကွဲလွဲနေချိန်တွင် မကွယ်လွန်မီအထိ Capitol Hill (အမေရိကန်လွှတ်တော်) ၌ ယူကရိန်း၏ သစ္စာအရှိဆုံး မဟာမိတ်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။
Ref: BBC
