MT News
၁၉. ၉. ၂၀၂၆
ကိုရီးယား-မြန်မာစီးပွားရေးလုံခြုံမှုဆိုင်ရာ သုတေသနအသင်း (Korea-Myanmar Association for Economic & Security Studies – KMAESS) ၏ စတင်ဖွဲ့စည်းတည်ထောင်လိုက်ပြီး အဆိုပါအသင်း စတင်တည်ထောင်ခြင်း အထိမ်းအမှတ်ပြုလုပ်သည့် စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁၅ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ LS Tower (MIR Hall) ၌ ကျင်းပသည်။
အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Mr. Lim Jong-deck ၊ ဆိုးလ်မြို့မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ကိုရီးယားနိုင်ငံ ကာကွယ်ရေးသံတမန်ရေးရာအသင်းဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြသည်။
ထို့နောက် KMAESS ဥက္ကဋ္ဌ Mr. Choi Shin Il က ကျေးဇူးတင်စကားပြောကြားပြီး ကိုရီးယား-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအောင်မြင်စေရန်နှင့် KMAESS ဖွဲ့စည်းတည်ထောင်ရာတွင် စိတ်အားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးခဲ့သူ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးအား ကျေးဇူးတင်အသိအမှတ်ပြုတံဆိပ် ပေးအပ်ပြီး အခမ်းအနားကို ဆက်လက်ဆောင်ရွက်ကြသည်။
KMAESS သည် ကိုရီးယားသမ္မတနိုင်ငံ စက်မှု၊ ကုန်သွယ်ရေးနှင့် သယံဇာတဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အကျိုးအမြတ်မယူသောတရားဝင် Think Tank အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်း တည်ထောင်ထားပြီး ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးလုံခြုံမှုဆိုင်ရာ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရန်၊ သုတေသနနှင့် မူဝါဒဆိုင်ရာဆွေးနွေးဖလှယ်မှုများမြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
