၁၉.၉.၂၀၂၆
Written by Linn Eain
မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ လိုက်နာမှုပိုမိုအားကောင်းလာစေရေးနှင့် အမည်မည်းစာရင်းမှ လွတ်မြောက်ရေးအတွက် ကျန်ရှိနေသည့်အစီအမံများကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက စက်တင်ဘာ ၁၈ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ပြုလုပ်ခဲ့သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အစိုးရဌာနများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ ကြီးကြပ်ရေးအာဏာပိုင်များအားလုံး အချင်းချင်းအကြား သတင်းအချက်အလက်ပူးပေါင်းဖလှယ်မှုနှင့် ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်မှုကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက ” မြန်မာနိုင်ငံအနေဖြင့် AML/CFT ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုအစီအမံ (Action Plan) များ တိုးတက်အောင်မြင်စေရေး အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် (၁၈)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာ (18th Progress Report) အထိ ရေးသား တင်ပြပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ပန်းတိုင်ရောက်ရန် အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်၍ ကျန်ရှိနေသည့် Action Item နှစ်ချက်ကိုလည်း သတ်မှတ်စံနှုန်းများအတိုင်း Largely Addressed အဆင့်ရရှိအောင် အရှိန်အဟုန်မပျက် ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကျန်ရှိနေသောအရေးကြီး Action Plan နှစ်ချက်ဖြစ်သည့် Action Plan ၆.၃ နှင့် Action Plan ၇.၁ တို့ကို ပိုမိုအာရုံစိုက်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များအတွက် အစီအမံများရေးဆွဲဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အစိုးရဌာနများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ ကြီးကြပ်ရေးအာဏာပိုင်များအားလုံး အချင်းချင်းအကြား သတင်းအချက်အလက် ပူးပေါင်းဖလှယ်မှုနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ လိုက်နာမှုပိုမိုအားကောင်းလာစေရေးနှင့် အမည်မည်းစာရင်းမှ လွတ်မြောက်ရေးအတွက် ကျန်ရှိနေသည့်အစီအမံများကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားလိုကြောင်း ” ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက မြန်မာနိုင်ငံအနေဖြင့် အာရှ – ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APJG) အစည်းအဝေးများကို အစဉ်တစိုက်တက်ရောက်၍ မြန်မာနိုင်ငံအား အမည်မည်းစာရင်းမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေ၊ ကျန်ရှိသော Action Item နှစ်ခုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင် ရွက်သင့်သည့်အချက်များအား ပြုစုတင်ပြခြင်းတို့ကို အချိန်မီဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် FATF ၏ Action Plan Item များအနက် ဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ (၁၈)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာနှင့် ပတ်သက်သည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေများ၊ အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး (Mutual Evaluation-ME) လုပ်ငန်းစဉ် (၂၀၂၉-၂၀၃၀) ဆောင်ရွက်မည့် အစီအမံများ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် Action Item နှစ်ခု အား အောင်မြင်စွာဆောင်ရွက်နိုင်ရေးကိုလည်း အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယ ဥက္ကဋ္ဌများ၊ လုပ်ငန်းအဖွဲ့ဒုတိယ ဥက္ကဋ္ဌ (အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်)၊ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး (ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့)နှင့် လုပ်ငန်းအဖွဲ့ဝင်များမှ တာဝန်ရှိသူများ၊ အုပ်စုလိုက်ပူးပေါင်း ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
