၁၉.၉.၂၀၂၆
Written by NYL
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ဖွဲ့စည်းခြင်းနှင့်အတူ ရွေးချယ်ခံကြရမည့် ခေါင်းဆောင်များ ပါတီကိုအရှိန်အဟုန်ဖြင့် ဆက်လက်ဦးဆောင်သွားကြရန်လိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၆)၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ သတ္တမအကြိမ်မြောက် ပါတီဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော်ရှိ ပါတီဌာနချုပ်၊ ညီလာခံခန်းမတွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စတုတ္ထအကြိမ် ပါတီညီလာခံကိုလည်း စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ” ဒီနေ့မှာ ပါတီကို ပြန်လည်ဖွဲ့စည်းခြင်းနဲ့အတူ ရွေးချယ်ခံကြရမယ့် ခေါင်းဆောင်တွေဟာ ပါတီကို အရှိန်အဟုန်နဲ့ ဆက်လက်ဦးဆောင်သွားကြဖို့ လိုပါတယ်။ ကျွန်တော်တို့ ပါတီကြီး ဒီနေ့ဒီအချိန်အထိ ရောက်ရှိလာတာဟာ တစ်ရက်တည်းနဲ့ တည်ဆောက်ခဲ့တာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ခေါင်းဆောင်အဆက်ဆက်က လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အဆင့်ဆင့် ဝိုင်းဝန်းတည်ဆောက်ခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ မမေ့ဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီကြီး ယိုင်နဲ့အားပျော့သွားစေမယ့် အချက်တိုင်းကို တစ်ဦးချင်းစီက မလုပ်မိဖို့၊ မတွေးမိဖို့၊ မပြောမိဖို့ အထူးလေးထား ဆောင်ရွက်ထိန်းသိမ်းကြဖို့ လိုအပ်ကြောင်းလည်း အလေးအနက်ထားပြီး မှာကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။




ထို့ပြင် ယနေ့သည် မိမိတို့ပါတီ၏ နောက်ထပ် ၅ နှစ်သက်တမ်းတစ်ခုအတွက် ခြေလှမ်းသစ်နှင့် စတင်ရမည့်နေ့ ဖြစ်ပြီး ယခုအချိန်သည် ၅ နှစ်တာကာလ ဖြတ်သန်းခဲ့သမျှ နိုင်ငံရေးအတွေ့အကြုံများကို ပြန်လည်သုံးသပ်၊ အောင်မြင်ခဲ့သည်များကို ခိုင်မာအောင် ဆက်လက်တည်ဆောက်၊ အားနည်းချက်များကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြုပြင်ရင်းဖြင့် ပါတီ၏ အနာဂတ်ရှေ့ခရီးကို စတင်ရမည့် သမိုင်းဝင်နေ့တစ်နေ့အဖြစ်လည်း သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ပါတီဝင် တစ်ဦး၊ တစ်ယောက်ချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး၊ အစွမ်းအစနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် ကာလကိုလည်း ချဉ်းနင်းဝင်ရောက်နေပြီဟု ဆိုရမည်ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ မှတစ်ပါး အခြားမရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဆောင်ပုဒ်အတိုင်း ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ၀ိုင်းဝန်းကြိုးစားပေးကြရန် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
“ဒီနေ့ ဗဟိုကော်မတီ အစည်းအဝေးကနေတစ်ဆင့် ကျွန်တော် ပြောပြခဲ့တဲ့ အတိတ်ကာလ အတွေ့အကြုံတွေ၊ အားသာချက်/အားနည်းချက်တွေ၊ ပါတီဗဟိုကော်မတီဝင်တွေမှာ ရှိသင့်တဲ့ အရည်အချင်းတွေ၊ အရည်အသွေးတွေ၊ ကျွန်တော် အကြံပြုတဲ့ လုပ်ငန်းစဉ်တွေကို အထူးလေးနက်ထားပြီး မှတစ်ပါး အခြားမရှိတဲ့ ကျွန်တော်တို့ပါတီရဲ့ ဆောင်ပုဒ်အတိုင်း ဒီလိုပါတီမျိုး ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့အတွက် ဝိုင်းဝန်းကြိုးစားပေးကြပါလို့ မှာကြားရင်း နိဂုံးချုပ်ပါတယ် ” ဟု ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် ပါတီဥက္ကဋ္ဌအဖြစ် တရားဝင်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။
