သက်တံ့
၁၉. ၉. ၂၀၂၆
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် CNN၊ MS NOW နှင့် Politico သတင်းဌာနများကို အိမ်ဖြူတော်အတွင်း ဝင်ရောက်ခွင့် ချက်ချင်းစတင် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သည်။
သောကြာနေ့က ထရန့်သည် ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့အပေါ် သတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်များအား မကျေနပ်ကြောင်း Truth Social လူမှုကွန်ရက်တွင် ထိုမီဒီယာသုံးခုကို သတင်းယူခွင့်ပိတ်လိုက်ကြောင်း ရေးသားတင်ပြခဲ့ခြင်းဖြစ်သည်။
”သတင်းတုများ ထပ်ခါတလဲလဲ ထုတ်လွှင့်နေမှုကြောင့် သတင်းတုထုတ် CNN၊ MSNOW … နဲ့ Politico … တို့ကို အိမ်ဖြူတော်ကနေ အချက်ချင်း စတင် ပိတ်ပင်လိုက်ကြောင်း ဂုဏ်ယူစွာနဲ့ ကြေညာပါတယ်” ဟု ထရမ့်ပ်က ရေးသားခဲ့သည်။
ထို့အပြင် ”သတင်းမီဒီယာတွေအနေနဲ့ အမေရိကန်ပြည်ထောင်စု သမ္မတ၊ ထရမ့်ပ်အုပ်ချုပ်ရေးအဖွဲ့ သို့မဟုတ် အမေရိကန်ပြည်ထောင်စုတို့အကြောင်း သတင်းယူတဲ့အခါ လုပ်ကြံဖန်တီးချက်တွေနဲ့ မုသားတွေကို မပြတ် ရေးသားထုတ်လွှင့်ခွင့် မရှိသင့်ပါဘူး။ အခြားသော သတင်းတု မီဒီယာဌာနတွေလည်း ဆက်လက် ပိတ်ပင်ခံရမှာဖြစ်ပါတယ်”ဟုလည်း ထရမ့်ပ်က ပြောကြားခဲ့သည်။
◾ မီဒီယာများ ဆက်လက် ပိတ်ပင်ခံရဖွယ်ရှိနေ
”ဆက်လက်ပိတ်ပင်သွားမည်” ဆိုသည့် အဓိပ္ပာယ်ကို သောကြာနေ့နှောင်းပိုင်းတွင် သတင်းထောက်များက မေးမြန်းခဲ့ရာ၌ ထရမ့်ပ်က The New York Times နှင့် The Washington Post တို့သည်လည်း “သတင်းတု” များဖြစ်ကြောင်း အမည်တပ်ပြောကြားခဲ့သည်။
အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားရာ၌ ထရမ့်ပ်က အဆိုပါ မီဒီယာများသည် “အပျက်သဘောဆောင်သော သတင်းများကို တမင်သက်သက် ရေးသားကြသည်” ဟု ပြောဆိုခဲ့သည်။
”သတင်းတုတွေကို ဖတ်ရမြင်ရတာ အင်မတန် ငြီးငွေ့စရာကောင်းပါတယ်။ သူတို့ဟာ ရီပတ်ဘလီကန်တွေနဲ့ ရီပတ်ဘလီကန် အစိုးရကို သိက္ခာချဖို့ ကြိုးစားချင်လို့ အပျက်သဘောဆောင်တဲ့ သတင်းတွေကို တမင်ရေးကြတာပါ။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ဟာ အလွန်ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်ဆောင်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
ယခုမှ အရေးယူရသည့် အကြောင်းရင်းကို မေးမြန်းရာ၌ ထရမ့်ပ်က ယင်းသတင်းအဖွဲ့အစည်းများ၏ သတင်းတုဖော်ပြချက်များ “စုပုံလာသောကြောင့်” ဟု ပြောကြားခဲ့သည်။
ထရန့်၏ ပိတ်ပင်မှုသည် မကြာမီ တရားဥပဒေအရ စိန်ခေါ်ခံရဖွယ်ရှိကြောင်း ဝါရှင်တန်ဒီစီမှ Al Jazeera သတင်းထောက် Alan Fisher က သတင်းပေးပို့ခဲ့သည်။
”အမေရိကန် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက်မှာ အစိုးရအနေနဲ့ ဒီလိုကိစ္စမျိုးတွေမှာ ဝင်ရောက်ခွင့်ကို မကန့်သတ်နိုင်ဘူးလို့ ဖော်ပြထားပါတယ်” ဟု ၎င်းက ပြောသလို ”ယခင် သမ္မတတွေတုန်းကလည်း သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြမှုတွေအပေါ် ဒေါသထွက်ခဲ့ဖူးပါတယ်။ Lyndon B. Johnson ဟာ ဒါနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသလို Richard Nixon ကလည်း သီးခြားလူချို့ကို အိမ်ဖြူတော်ကနေ ပိတ်ပင်လို့ ရမရ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာတော့ ဒါဟာ ကြည့်လို့ မကောင်းတဲ့ ကိစ္စလို့ အသိပေးခံခဲ့ရဖူးပါတယ်” ဟု ၎င်းက ဆိုသည်။
CNN ကမူ ၎င်းတို့၏ အိမ်ဖြူတော် သတင်းထောက်အဖွဲ့၏ “တရားမျှတပြီး တိကျသော သတင်းထုတ်လွှင့်မှု” နောက်ကွယ်တွင် ခိုင်မာစွာ ရပ်တည်နေကြောင်းပြောကြားပြီး ထရမ့်ပ်၏ လုပ်ဆောင်ချက်ကို ပြစ်တင်ရှုတ်ချခဲ့သည်။
”အစိုးရရဲ့ အနှောင့်အယှက် ဒါမှမဟုတ် ဝင်ရောက်စွက်ဖက်မှုမရှိဘဲ သတင်းယူပိုင်ခွင့်ကို အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့ ရရှိထားပါတယ်။ သမ္မတထရမ့်ပ် ခြိမ်းခြောက်ထားတဲ့ ဒီပိတ်ပင်မှုသာ ဆက်လက်ဆောင်ရွက်ခဲ့ရင် ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက အကာအကွယ်ပေးထားတဲ့ အခြေခံအခွင့်အရေးကို တရားမဝင် တိုက်ခိုက်တာ ဖြစ်ပါလိမ့်မယ်” ဟု CNN ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Al Jazeera သို့ ပြောကြားခဲ့သည်။
Politico ကလည်း “ဒီအိမ်ဖြူတော်အပြင် အနာဂတ် အိမ်ဖြူတော်အစိုးရတွေအကြောင်းကိုပါ မျှမျှတတ ဆက်လက်သတင်းယူသွားမှာပါ။ ကျွန်တော်တို့ရဲ့ ပထမပြင်ဆင်ချက်ဆိုင်ရာ အခွင့်အရေးတွေကို ကန့်သတ်ဖို့ ကြိုးပမ်းမှုမှန်သမျှကို အစွမ်းကုန် ကာကွယ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် Politico သည် အစိုးရ၏ ထောက်ပံ့ကြေးများ ရရှိခဲ့သည်ဟူသော ထရမ့်ပ်၏ သီးခြားစွပ်စွဲချက်ကိုလည်း သတင်းဌာန၏ ပြန်ကြားရေးအဖွဲ့က ငြင်းဆိုခဲ့ပြီး “မမှန်ကန်ကြောင်း” နှင့် “လုံးဝ မဟုတ်မှန်ကြောင်း သက်သေပြပြီးသားဖြစ်ကြောင်း” တုံ့ပြန်ခဲ့သည်။
MS NOW ကမူ ထရမ့်ပ်၏ ကြေညာချက်နှင့် ပတ်သက်၍ ချက်ချင်း မှတ်ချက်ပေးခြင်း မရှိသေးပေ။
◾ နိုင်ငံတော်သစ္စာဖောက် ကောက်ကျစ်သူများ
တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ထရမ့်ပ်သည် သတင်းမီဒီယာများ၏ မမျှတသော သတင်းဖော်ပြချက်များကို အကြိမ်ကြိမ် ဝေဖန်ခဲ့ပြီး သတင်းထောက်များကိုလည်း ၎င်းတို့၏ ရေးသားမှုများအတွက် နှုတ်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကြောင့် အမေရိကန်၏ ခဲယမ်းမီးကျောက် သိုလှောင်မှု လျော့နည်းလာကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အပြီးတွင် ထရမ့်ပ်က အဆိုပါ သတင်းဌာနများကို “နိုင်ငံတော်သစ္စာဖောက် ကောက်ကျစ်သူများ” ဟု ပြင်းပြင်းထန်ထန် ဆဲဆိုခဲ့သည်။
သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းများက ယခုဆုံးဖြတ်ချက်သည် ဝေဖန်ရေးသားမှုများကို အရေးယူ အပြစ်ပေးရန် ကြိုးပမ်းမှုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြသည်။
”ထရမ့်ပ် မနှစ်သက်တဲ့ သတင်းဖော်ပြချက်တွေကြောင့် CNN၊ MS NOW News နဲ့ Politico တို့ကို အိမ်ဖြူတော်ကနေ ပိတ်ပင်ဖို့ ခြိမ်းခြောက်လိုက်တဲ့အပေါ် RSF အနေနဲ့ တုန်လှုပ်ခြောက်ခြားရပါတယ်။ သတင်းယူခွင့် ဆိုတာ သတင်းထောက်တွေအတွက် အခွင့်ထူးတစ်ခု မဟုတ်ပါဘူး။ ဒါဟာ အမေရိကန်ပြည်သူတွေအနေနဲ့ လွတ်လပ်စွာ သတင်းအချက်အလက် ရရှိနိုင်စေဖို့ သေချာစေတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ RSF အနေနဲ့ တုံ့ပြန်ဖို့ တရားဥပဒေဆိုင်ရာ နည်းလမ်းတွေကို လေ့လာနေပါတယ်” ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း ထရမ့်ပ်အစိုးရအဖွဲ့သည် ဝေဖန်ရေးသားမှုများကို ဖိနှိပ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။
”သမ္မတ ထရမ့်ပ်ဟာ နောက်တစ်ကြိမ် ထပ်မံပြုလုပ်လိုက်ပြန်ပါပြီ” ဟု ထိုအဖွဲ့က လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သလို ”သမ္မတဟာ သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့အပေါ် သတင်းဖော်ပြမှုတွေအတွက် သတင်းထောက်တွေကို အပြစ်ပေးတာ၊ သတင်းမီဒီယာတွေကို နှုတ်ပိတ်တာတွေ ပြုလုပ်ပြီး စိစစ်စုံစမ်းမှုတွေကို ဖိနှိပ်ဖို့နဲ့ တာဝန်ယူမှုကို ရှောင်လွှဲဖို့ ကြိုးစားနေပါတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းအချက်အလက် ရယူပိုင်ခွင့်ကို တိုက်ခိုက်တာဟာ ဒီအစိုးရအဖွဲ့အနေနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ ဒေါက်တိုင်တွေကို ဆက်လက် ထိခိုက်အောင် ပြုလုပ်နေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ထရမ့်ပ် အစိုးရအဖွဲ့အနေနဲ့ လွတ်လပ်သော သတင်းမီဒီယာနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့အပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ရပါမယ်”ဟု ရေးသားဖော်ပြခဲ့သည်။
Ref: Al Jazeera
