၁၉.၉.၂၀၂၆.
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ လျှပ်စစ်ကားထုတ်လုပ်သူ BYD သည် ဘရိတ်နင်းခုံ အစိတ်အပိုင်း တစ်ခုနှင့် သက်ဆိုင်သည့် ထုတ်လုပ်မှုဆိုင်ရာ ချို့ယွင်းချက်တစ်ခုကို ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံအတွင်းရှိ ကားအစီးရေ ၁၈၀,၀၀၀ ကျော်ကို ချက်ချင်းပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဈေးကွက်ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဤလုပ်ဆောင်ချက်တွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော Qin နှင့် Tang စီးရီးကား အစီးရေ ၁၈၃,၂၁၁ စီး ပါဝင်ပြီး၊ ဘရိတ်နင်းခုံ Stopper pad အချို့တွင် ချို့ယွင်းချက်ရှိနေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ အက်ကွဲခြင်း သို့မဟုတ် ကွာကျခြင်းများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိ နေသောကြောင့်ဟု သိရသည်။
အခြေအနေဆိုးရွားသည့်အခါမျိုးတွင် ဘရိတ်နင်းခုံကို နင်းထားခြင်းမရှိသော်လည်း ဘရိတ်မီးများ ဆက်လက်လင်းနေနိုင်ပြီး၊ ယင်းက လမ်းအသုံးပြုသော အခြားသူများကို မှားယွင်းသော အချက်ပြမှု ဖြစ်စေကာ ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း ဈေးကွက်ကြီးကြပ်ရေး ဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲမှုဌာန (SAMR) က ပြောကြားခဲ့သည်။
စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အစီရင်ခံစာတွင် BYD က ချို့ယွင်းချက်ရှိသော အစိတ်အပိုင်းကို ခွင့်ပြုချက်ရ ကိုယ်စားလှယ်များမှတစ်ဆင့် အခမဲ့လဲလှယ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Nio သည်လည်း စတီယာရင်စနစ် အစိတ်အပိုင်းတစ်ခုတွင် ထုတ်လုပ်မှုဆိုင်ရာ ချို့ယွင်းချက်ရှိနေခြင်းကြောင့် Firefly အမှတ်တံဆိပ် လျှပ်စစ်ကားအစီးရေ ၆၈၆ စီးကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း ဈေးကွက်ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့ သည်။
အခြေအနေဆိုးရွားသည့်အခါမျိုးတွင် အဆိုပါချို့ယွင်းချက်ကြောင့် ပါဝါစတီယာရင် အထောက်အပံ့စနစ် အလုပ်မလုပ်တော့ခြင်းမျိုး ဖြစ်ပေါ်နိုင်ကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။ ကုမ္ပဏီအနေဖြင့် ချို့ယွင်းမှုရှိနေသော ကားများကို စစ်ဆေးပြီး ချို့ယွင်းနေသော ဝါယာကြိုးအစုအဝေးကို အခမဲ့လဲလှယ်ပေးသွားမည်ဖြစ်သည်။
Ref: Reuters
