နေမိုး
၁၈. ၉. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(မြောက်ပိုင်း) မြို့နယ်တွင် ဆယ်ကျော်သက် အမျိုးသမီးငယ် ၂ ဦးကို နေအိမ်သို့ လိုက်ပို့ပေးမည်ဟုဆိုကာ ယာဉ်ဖြင့် သွေးဆောင်ဖမ်းဆီးပြီး ဓားနှင့် သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ် ၁၀ သိန်း တောင်းယူမှုနှင့် သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် ည ၇ နာရီခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် အသက် ၁၈ နှစ်အရွယ် သူငယ်ချင်းဖြစ်သူနှင့်အတူ City Mall သို့ Hot Pot သွားစားမည်ဟု ပြောဆိုကာ နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိခင်ဖြစ်သူက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပျောက်ဆုံးနေသည့် အမျိုးသမီးငယ် ၂ ဦးကို ရှာဖွေစုံစမ်းခဲ့ရာ စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီခန့်တွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ငါးမာရ်အောင်ဘုရားလမ်းရှိ “ဒို့အင်းလေး” လက်ဖက်ရည်ဆိုင်အနီးတွင် မိဘများက ပြန်လည်တွေ့ရှိခဲ့သည်။ အလားတူ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ကိုလည်း စက်တင်ဘာ ၁၇ ရက် နံနက် ၄ နာရီ ၄၀ မိနစ်ခန့်တွင် အဆိုပါလမ်းရှိ Capital ဆိုင်အနီး၌ ပြန်လည်တွေ့ရှိခဲ့သည်။
ပြန်လည်တွေ့ရှိခဲ့သည့် အမျိုးသမီးငယ် ၂ ဦး၏ ထွက်ဆိုချက်များအရ စက်တင်ဘာ ၁၆ ရက် ည ၈ နာရီခန့်တွင် City Mall မှ နေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်၊ ဆရာစံလမ်းအရောက်၌ အမည်မသိအမျိုးသားတစ်ဦး မောင်းနှင်လာသည့် ခဲရောင် Toyota Prado ယာဉ်က ၎င်းတို့အနီးတွင် ရပ်တန့်ခဲ့သည်။ ထို့နောက် ယာဥ်မောင်းအမျိုးသားက အသက်အရွယ်နှင့် ဘယ်ကပြန်လာသလဲ မေးမြန်းပြီး အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များဖြစ်သဖြင့် နေအိမ်သို့ လိုက်ပို့ပေးမည်ဟု ပြောဆိုခဲ့သဖြင့် ၎င်းတို ၂ ဦးက ယာဉ်ပေါ်သို့ လိုက်ပါခဲ့ကြောင်း သိရသည်။
ယာဉ်ပေါ်သို့ရောက်ပြီးနောက် အဆိုပါအမျိုးသားက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း လှည့်ပတ်မောင်းနှင်ခဲ့ပြီး နာရီဝက်ခန့်အကြာတွင် သေနတ်နှင့် ဓားတို့ကို ပြသ၍ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့ပြင် အမျိုးသမီးငယ်တစ်ဦးလျှင် ငွေကျပ် ၅ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၀ သိန်း ပေးရမည်ဖြစ်ပြီး ငွေရရှိပါက ပြန်လည်ပို့ပေးမည်ဟုဆိုကာ မိဘများထံ ဖုန်းဖြင့် ဆက်သွယ်ခြိမ်းခြောက်ခဲ့သည်။

ယင်းနောက် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်ကို စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ငါးမာရ်အောင်ဘုရားလမ်းရှိ “ဒို့အင်းလေး” လက်ဖက်ရည်ဆိုင်အနီးတွင် ချထားပေးခဲ့သည်။ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ကိုမူ ယာဉ်ဖြင့် ဆက်လက်ခေါ်ဆောင်သွားပြီး တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း လှည့်ပတ်မောင်းနှင်ခဲ့ကာ မြောက်ဥက္ကလာပမြို့နယ်ရှိ လမ်းတစ်နေရာတွင် ယာဉ်ရပ်တန့်ပြီး ဓားဖြင့် ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။
ထိုနောက် အမျိုးသမီးငယ်၏ မိဘများထံမှ ငွေကျပ် ၁၀ သိန်းကို KBZ Pay ဖြင့် လက်ခံရရှိပြီးနောက် တောင်ဥက္ကလာပမြို့နယ်ရှိ လမ်းတစ်နေရာတွင် ထပ်မံအဓမ္မပြုကျင့်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက် နံနက် ၄ နာရီခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃) ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းရှိ Capital ဆိုင်အနီးတွင် ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက (ပ)၈၉၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅၊ ၃၈၇၊ ၃၇၆ တို့ဖြင့် အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် တရားခံ သီဟအောင်၊ အသက် ၂၈ နှစ်ကို အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ၄/တောင်လမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့သည်။ တရားခံထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN-9 3J-5625 Toyota Prado ယာဉ် ၁ စီး၊ ZTE ဖုန်း ၁ လုံး၊ “Hangun” စာတန်းပါ ကော်သေနတ် ၁ လက်၊ အရှည် ၉ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့် Redmi Note 15 Pro ဖုန်း ၁ လုံးတို့ကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
