၁၉.၉.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်သမ္မတ အိမ်ဖြူတော်သို့ လာမည့်အပတ်တွင် လာရောက်လည်ပတ်မည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်အား ဝါရှင်တန်ဒီစီမြို့အနီးရှိ စစ်ဘက်ဆိုင်ရာလေတပ်စခန်းတစ်ခု ဖြစ်သည့် Joint Base Andrews လေဆိပ်၌ လေယာဉ်ဆိုက်ရောက်လာချိန်တွင် သွားရောက်ကြိုဆိုရန် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က စီစဉ်ထားကြောင်း အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက စက်တင်ဘာ ၁၈ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
အမေရိကန်သမ္မတတစ်ဦးအနေဖြင့် နိုင်ငံခြားခေါင်းဆောင်တစ်ဦးကို လေဆိပ်၌ သွားရောက်ကြိုဆိုခြင်းမှာ ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်နှင့်ပတ်သက်၍ အဆင့်မြင့်အရာရှိများ၏ ပြောကြားချက်အရ ခရီးစဉ်တွင် အိမ်ဖြူတော်၌ ကြိုဆိုရေးအခမ်းအနား၊ Rose Garden ဥယျာဉ်၌ ဂုဏ်ပြုတပ်ဖွဲ့စစ်ဆေးမှု အခမ်းအနားနှင့် ညနေခင်းတွင် နိုင်ငံတော်အဆင့် ညစာစားပွဲတို့ ပါဝင်မည်ဖြစ်သည်။
ညစာစားပွဲသို့ တက်ရောက်မည့် ဧည့်သည်များအကြား နည်းပညာကုမ္ပဏီ CEO အများအပြား ပါဝင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
“လူပေါင်းထောင်ချီပြီး ဒီညစာစားပွဲကို တက်ရောက်ချင်ကြမှာပါ” ဟုလည်း Oval Office တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထရမ့်ပ်က သတင်းထောက်များအား ပြောကြားခဲ့သလို “ကျွန်တော့်မှာ အလွန်ရင်းနှီးတဲ့ မိတ်ဆွေအများအပြားကို ‘ခင်ဗျားတို့တော့ လာလို့မရဘူး ဗျာ’ လို့ ပြောခဲ့ရပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ကမ္ဘာ့စီးပွားရေးအတွက် မြေရှားသတ္တုများ စီးဆင်းထောက်ပံ့ပေးမှုနှင့် ဉာဏ်ရည်တု နည်းပညာကဲ့သို့သော ကိစ္စရပ်များကို ဆွေးနွေးသွားဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
သမ္မတကတော်များဖြစ်ကြသော မီလာနီယာ ထရမ့်ပ်နှင့် ပန်လီယွန် တို့သည်လည်း သီးခြားတွေ့ဆုံမှု အစီအစဉ်တစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် တာဝန်ရှိသူ များက ပြောကြားခဲ့သည်။
ထရမ့်ပ်မိသားစုက အိမ်ရှင်အဖြစ် စက်တင်ဘာ ၂၄ ရက်တွင် လက်ခံကျင်းပမည့် တရုတ်ကိုယ်စားလှယ် အဖွဲ့အတွက် နိုင်ငံတော်အဆင့် ညစာစားပွဲ၌ ရှီနှင့် ပန် တို့ ဇနီးမောင်နှံက ဂုဏ်သရေရှိ ဧည့်သည်တော်များအဖြစ် တက်ရောက်ကြမည်ဖြစ်သည်။
Ref: Reuters
