






၁၉.၉.၂၀၂၆
Written By Thandar
ကုန်းဘောင်ဆက် ဘုရင့်ဆွေတော်မျိုးတော်များအသင်း (ရန်ကုန်)ရဲ့ အဋ္ဌမအကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနဲ့ သက်တော်ကြီးဝါတော်ကြီး ဆွေတော်မျိုးတော်တွေကို ကန်တော့ဆက်ပွဲအခမ်းအနားအစီအစဉ်ကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့ ကန်တော်ကြီးရှိ ကရဝိတ်နန်းတော်မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ မင်းတုန်းမင်းတရားကြီးရဲ့ သမီးတော်တွေ ဦးစီးပြီး မင်းတပ်ထိပ်ခေါင်အပါအဝင် ဆွေတော်မျိုးတော်တွေ စည်းလုံးညီညွတ်စွာ ကူညီစောင့်ရှောက်နိုင်ဖို့အတွက် အသင်းအဖွဲ့ကို အစောပိုင်းကာလကတည်းက စတင်ဖွဲ့စည်းခဲ့တာပါ။ ခေတ်ကာလအခြေအနေအရ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပေမယ့် လွန်ခဲ့သော (၁၀) နှစ်ခန့် ကြာပြီးမှ အသင်းကို ပြန်လည်မ,တည် ဖွဲ့စည်းခဲ့ပြီး လက်ရှိနေပြည်တော်မှာ အသင်းတရားဝင် မှတ်ပုံတင်ထားရှိပြီးဖြစ်ပါတယ်”လို့ ကုန်းဘောင်ဆက်ဘုရင့်ဆွေတော်မျိုးတော်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ မင်းတပ်နေမျိုးဦးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ဒေါပုံမြို့နယ် သာသနာအလင်းရောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနဲ့ ဆရာတော် သံဃာတော်တွေကို ဒါတဗ္ဗ၀တ္တုအစုစုဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ကန်တော့ခံထွက်တော်မူကြကုန်တဲ့ သက်တော်ကြီးဝါတော်ကြီး ကန်တော့ခံ ဆွေတော်မျိုးတော်တွေကို ကန်တော့ဆက်အပြီး ကန်တော့ဆက်ပစ္စည်းတွေ ကန်တော့ခဲ့ကြပါတယ်။
နတ်ပြည်စံ ဘဝရှင် မင်းတုန်းမင်းတြားကြီးဘုရား၊ နတ်ရွာစံ ကနောင်အိမ်ရှေ့တော်ဘုရား၊ နတ်ရွာစံ သီပေါမင်းတြားကြီးဘုရားနဲ့ နတ်ရွာစံ ကံတော်ကုန်ပြီးလေကြကုန်တဲ့ မိဖုရားကြီးတွေ၊ သားတော်၊ သမီးတော်၊ ဆွေတော်မျိုးတော်တွေကို ရည်စူးပြီး ပင့်သံဃာ(၈)ပါးကို ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်ရသာအဖြာဖြာ ဆက်ကပ်ခဲ့ပါတယ်။ အသက် (၇၀) အထက်ဆွေတော်မျိုးတော်ဘိုးဘွားတွေကိုလည်း ကန်တော့ခဲ့ကြပါတယ်။
ဒီအသင်းရဲ့ အဖွဲ့ဝင်နဲ့ အိမ်ထောင်စုစာရင်းတွေမှာ မင်းတုန်းမင်းရဲ့ သားတော်၊ သမီးတော် ၁၀၈ ပါးနဲ့ ကနောင်မင်းရဲ့ သားတော်၊ သမီးတော် ၁၀၈ ပါးတို့က ဆင်းသက်လာသော အိမ်ထောင်စုပေါင်း ၂၁၆ စုရှိတယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဆွေတော်မျိုးတော် အိမ်ထောင်စုပေါင်း တစ်သောင်းကျော်ရှိပြီး ရန်ကုန်မြို့မှာ ဘိုးဘွားအိမ်ထောင်စု (၃၅) စုခန့် ရှိတယ်လို့ဆိုပါတယ်။
