သက်တံ့
၁၉.၉.၂၀၂၆
အိန္ဒိယ-မြန်မာနယ်စပ်၊ အာရုနာချယ် ပရာဒေ့ရှ်ပြည်နယ်ရှိ Pangsau Pass ၌ အာသံလွတ်မြောက်ရေးတပ်မတော် (United Liberation Front of Asom-Independent – ULFA-I) အဖွဲ့ဝင်တစ်ဦးသည် အာသံရိုင်ဖယ်တပ်ဖွဲ့ တပ်ရင်း (၂၁) ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လက်နက်ချခဲ့သူမှာ အာသံပြည်နယ် ဘက်ခ်ဆာခရိုင်တွင် နေထိုင်သူ Kamal Sarania (ခေါ်) Dilip Asom ဖြစ်ကြောင်း စိစစ်အတည်ပြုထားသည်။ ထုတ်ပြန်ထားသည့် အသိပေးချက်ပါ သတင်းအချက်အလက်များအရ လက်နက်ချမှုမှာ Pangsau Pass ရှိ အာသံရိုင်ဖယ် တပ်ရင်း (၂၁) ၏ တပ်စခန်း၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်သည် ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့များထံ ULFA-I အဖွဲ့ဝင်တစ်ဦးမှ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အလင်းဝင်ရောက်ခဲ့သည့် နောက်ထပ် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။
အိန္ဒိယမြောက်အရှေ့ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသကို လုံခြုံရေး စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်ထားသည်။ အာသံရိုင်ဖယ်တပ်ဖွဲ့သည် နယ်စပ်တစ်လျှောက် လက်နက်ကိုင်များ သွားလာလှုပ်ရှားမှုနှင့် အခြား တရားမဝင် လှုပ်ရှားမှုများကို တားဆီးရန်အတွက် လုံခြုံရေးစစ်ဆင်ရေးများနှင့် နယ်စပ်စောင့်ကြည့်မှုများကို ဆောင်ရွက်လျက်ရှိသည်။
အလင်းဝင်ရောက်လာသည့် အဖွဲ့ဝင်၏ အဖွဲ့အစည်းအတွင်း တာဝန်ယူခဲ့သည့် အခန်းကဏ္ဍ၊ ULFA-I နှင့် ဆက်နွှယ်ခဲ့သည့် ကာလအတိုင်းအတာနှင့် လက်နက်ချရသည့် အကြောင်းအရင်း အသေးစိတ်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
Ref: The Sentinel
