၁၉. ၉. ၂၀၂၆
Written By Min Thet
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား ယနေ့နံနက်ပိုင်းက တူဖြင့်ထု၍ ငွေများလုယက်ထွက်ပြေးသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက် ၁ဝ နာရီအချိန်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ တိုက်အမှတ် (၇၃) မြေညီ လှေကားခွင်တွင် ရွှေနဝလီဆိုင်ရှင် အသက် ၆၈ နှစ်အရွယ် ဦးမျိုးတင့်ထံသို့ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက် ဦးရွှေဂွန်းလမ်း နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ဝင်းပိုင်စိုး ရောက်ရှိလာကြောင်း သိရသည်။



ယင်းက ရွှေဆွဲကြိုး (အတု)ကို ရောင်းလိုကြောင်းပြောပြီး ဦးမျိုးတင့်အား အသင့်ယူဆောင်လာသော တူဖြင့်ငယ်ထိပ်သို့ထုကာ ငွေထုပ် (ခန့်မှန်း ကျပ်သိန်းလေးဆယ်ကျော်) ကို လုယူထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အခင်းဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ပြည်သူများ ဝိုင်းဝန်း ဖမ်းဆီးမှုကြောင့် ဝင်းပိုင်စိုးကို ရေကျော်လမ်းနှင့် လိပ်ကန်လမ်းဆုံနေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယခုအခါ ဝင်းပိုင်စိုး ကို အမှုဖွင့်နိုင်ရေး စစ်ဆေးနေကြပြီး ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
