◾️ သံသယရှိသူကို ကနဦးတွင် မတရားသောအသင်းအဖွဲ့များ တားဆီးကာကွယ်ရေးအက်ဥပဒေ (UAPA) ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့သော်လည်း NIA က UAPA ပြဋ္ဌာန်းချက်များကို မသုံးဘဲ ၂၀၂၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားများဆိုင်ရာ အက်ဥပဒေဖြင့်သာ တရားစွဲဆိုချက် (Chargesheet) တင်သွင်းခဲ့
◾️ UAPA ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ပိတ်သိမ်းထားခြင်း မရှိသေးကြောင်း NIA ပြောကြား၊ အမှုတွင် စွပ်စွဲခံထားရသည့် ကျန် ယူကရိန်းနိုင်ငံသား ၆ ဦးကလည်း အာမခံ လျှောက်ထားနိုင်
သတိုး
၁၉.၉.၂၀၂၆
မြန်မာနိုင်ငံအခြေစိုက် AA၊ KIA နှင့် ချင်းလက်နက်ကိုင် အဖွဲ့အစည်းများကို သင်တန်းပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က စုံစမ်းစစ်ဆေးနေသည့် အမှုတွင် အမေရိကန်နိုင်ငံသား Matthew VanDyke ကို ဒေလီတရားရုံးတစ်ခုက အလိုအလျောက် အာမခံ ခွင့်ပြုပေးခဲ့သည်။
ဒေလီရှိ Rouse Avenue တရားရုံးသည် အိန္ဒိယရူပီး ၁,၀၀,၀၀၀ တန် ကိုယ်ပိုင်ခံဝန်ချုပ်၊ အာမခံသူတစ်ဦး၏ အာမခံချက်တို့ဖြင့် အာမခံပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် VanDyke အနေဖြင့် ဒေလီတွင်သာ ဆက်လက်နေထိုင်ရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအရာရှိက ခေါ်ယူသည့်အခါတိုင်း စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ရမည်ဟု တရားရုံးက ညွှန်ကြားခဲ့သည်။
ယင်းအမှုတွင် ပါဝင်သည့် အခြားယူကရိန်းနိုင်ငံသား စွပ်စွဲခံ ၆ ဦးအနေဖြင့်လည်း လျှောက်ထားပါက အာမခံရပိုင်ခွင့် ရှိမည်ဖြစ်ကြောင်း ANI သတင်းဌာန၏ ဖော်ပြချက်အရ တရားရုံးက ဆက်လက်ပြောကြားခဲ့သည်။

NIA သည် နိုင်ငံခြားသား ၇ ဦးလုံးကို မတရားသောအသင်းအဖွဲ့များ တားဆီးကာကွယ်ရေးအက်ဥပဒေ (UAPA) ပါ ပြဋ္ဌာန်းချက်များကို မသုံးဘဲ တရားစွဲဆိုချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အေဂျင်စီသည် ယခင်က စွပ်စွဲခံများကို အကြမ်းဖက်လုပ်ရပ်များအတွက် ပူးပေါင်းကြံစည်မှုဆိုင်ရာ UAPA ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။
စွပ်စွဲခံရသူ ၇ ဦးဖြစ်သည့် VanDyke နှင့် ယူကရိန်းစစ်ပြန်သုံးဦးအပါအဝင် ယူကရိန်းနိုင်ငံသား ၆ ဦးတို့ကို လွန်ခဲ့သည့် မတ်လတွင် ဖမ်းဆီးခဲ့ပြီး ဧပြီလကတည်းက တိဟာ (Tihar) ထောင်တွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံသို့ မသွားရောက်မီ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် ကြိုတင်စီစဉ်ထားသည့် ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းမောင်းနှင်မှု၊ တပ်ဆင်မှုနှင့် ဒရုန်းဟန့်တားသည့် နည်းပညာ (Jamming technology) ဆိုင်ရာ သင်တန်းများကို ပေးအပ်ခဲ့ကြသည်ဟု NIA က စွပ်စွဲထားသည်။
စွပ်စွဲခံရသူများသည် မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေပြီး ဒရုန်းများနှင့် စက်ပစ္စည်း အစိတ်အပိုင်းများကို အိန္ဒိယကို ဖြတ်သန်း၍ သယ်ယူပို့ဆောင်ခဲ့ကြောင်း အေဂျင်စီက စွပ်စွဲခဲ့သည်။ ထို့ပြင် ဒစ်ဂျစ်တယ် အထောက်အထားများနှင့် သက်သေများ၏ ထွက်ဆိုချက်များသည် မြန်မာနိုင်ငံအတွင်းမှ ဒရုန်းစစ်ဆင်ရေးနှင့် လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်နေသည့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းကြံစည်မှုဆီသို့ ညွှန်ပြနေကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။
သို့သော် နောက်ပိုင်းတွင် NIA သည် ၂၀၂၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားများဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၂၁ နှင့် ၂၃ တို့ဖြင့်သာ တရားစွဲဆိုချက် တင်သွင်းခဲ့သည်။ ထိုသို့ တင်သွင်းခဲ့သော်လည်း NIA က UAPA ဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုများအရ အဆိုပါဥပဒေအရ ပြစ်မှုမြောက်ကြောင်း ခိုင်လုံပါက အဖြည့်စွက် တရားစွဲဆိုချက် (Supplementary chargesheet) ကို တင်သွင်းနိုင်ကြောင်း ပြောကြားခဲ့သည်။
VanDyke ၏ ရှေ့နေကမူ အိန္ဒိယ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် ပူးပေါင်းကြံစည်မှုဟု အစပိုင်းတွင် စွပ်စွဲခဲ့ပြီးမှ အဘယ်ကြောင့် UAPA ပြဋ္ဌာန်းချက်များကို NIA က ရုပ်သိမ်းခဲ့သနည်းဟု မေးခွန်းထုတ်ခဲ့သည်။

အမေရိကန်နိုင်ငံသား VanDyke က ၎င်း၏ ဝဘ်ဆိုက်တွင် မိမိကိုယ်ကိုယ် Sons of Liberty International ၏ တည်ထောင်သူအဖြစ် ဖော်ပြထားသည်။ အဆိုပါအဖွဲ့မှာ သောင်းကျန်းမှုနှင့် အကြမ်းဖက်မှု အန္တရာယ် ခြိမ်းခြောက်ခံနေရသည့် လူ့အဖွဲ့အစည်းများကို စစ်ရေးဆိုင်ရာ အကြံပေးမှုနှင့် သင်တန်းများ ပေးအပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
၎င်း၏ ဝဘ်ဆိုက်ဖော်ပြချက်အရ ၂၀၁၁ ခုနှစ် လစ်ဗျား ပြည်တွင်းစစ်တွင် ပါဝင်ခဲ့ပြီး လစ်ဗျားသူပုန်များနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြောင်း၊ မူအာမာ ကဒါဖီ သစ္စာခံတပ်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ထရီပိုလီထောင် ပြိုလဲပြီးနောက် လွတ်မြောက်မလာမီ ငါးလခွဲခန့် ထောင်ဒဏ်ကျခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် ၎င်းကို မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးသူ၊ သတင်းထောက်၊ စစ်သတင်းထောက်နှင့် သုံးသပ်သူတစ်ဦးအဖြစ်လည်း ဖော်ပြထားသည်။
VanDyke သည် ဂျော့ချ်တောင်းတက္ကသိုလ်မှ လုံခြုံရေးဆိုင်ရာ မဟာဘွဲ့နှင့် မေရီလန်းတက္ကသိုလ် (ဘောလ်တီမိုးကောင်တီ) မှ နိုင်ငံရေးသိပ္ပံ ဘွဲ့တို့ကို ရရှိထားသူဖြစ်ကြောင်း ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
နောက်ဆုံး ထွက်ရှိလာသည့် တရားရုံးအမိန့်အရ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေစဉ်အတွင်း ၎င်းအား အာမခံဖြင့် ပြင်ပတွင် နေထိုင်ခွင့်ပြုလိုက်ပြီဖြစ်သည်။ စွပ်စွဲခံထားရသည့် ယူကရိန်းနိုင်ငံသား ၆ ဦးသည်လည်း တရားရုံး၏ အာမခံ လျှောက်ထားနိုင်ခွင့်ရှိကြောင်း ပြောကြားချက်အပြီးတွင် အာမခံ လျှောက်ထားနိုင်မည် ဖြစ်သည်။
Ref: Outlook
