



၁၄.၁၀.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပခမ်းရပ်ကွက်၊ ကမ်းနားကြီးပွဲရုံတန်းတွင် ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၃ နာရီ မိနစ် ၅၀ ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ ပြည့်စုံဖြိုးဆန်စပါးပွဲရုံရှိ ဆိုလာစနစ်မှ အင်ဗာတာသို့ အားသွင်းထားစဉ် ဓာတ်အားလိုင်းမှ လျှပ်စစ်ပြန်လည်ဝင်ရောက်လာရာ ဗို့အားမတည်ငြိမ်မှုကြောင့် အင်ဗာတာအတွင်း လျှပ်စစ်ရှော့ခ်ဖြစ်ပြီး အနီးရှိပစ္စည်းများသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
ပွဲရုံတန်းမီးလောင်မှုကြောင့် ဆန်ပွဲရုံ အပါအဝင် ပွဲရုံဆိုင်ခန်း ၁၀ ခန်း၊ ယာယီအလုပ်သမားတန်းလျား ၁၁ ခန်းနှင့် ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
နှစ်နာရီနီးပါးကြာမြင့်ခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၄ စီးတို့ဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ပွဲရုံများမီးလောင်မှုကြောင့် ဆန်ပွဲရုံပိုင်ရှင် ဦးကျော်လင်းမောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ဟင်္သာတမြို့ အမှတ် (၁) မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
