သက်တံ့
၁၄. ၁၀. ၂၀၂၆
ဟောင်ကောင်တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံသူများကို စီစဉ်ပေးနေသည့် နယ်စပ်ဖြတ်ကျော် ကွန်ရက်တစ်ခုကို နှိမ်နင်းရာတွင် ထိုင်းနိုင်ငံသူ ၉ ဦး အပါအဝင် လူ ၁၆ ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့လုပ်ဆောင်နေစဉ်အတွင်း ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ်များနှင့် ငွေကြေးလမ်းကြောင်းများကို လိုက်လံစုံစမ်းလျက်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က မနေ့က (အောက်တိုဘာ ၁၃ ရက်) တွင် ပြောကြားခဲ့သည်။
အဆိုပါကွန်ရက်သည် အဖွဲ့ဝင်များအကြား တာဝန်ဝတ္တရားများကို ခွဲဝေဆောင်ရွက်ခဲ့ကြကြောင်း၊ ဟောင်ကောင်သို့ သွားရောက်လုပ်ကိုင်ရန် ထိုင်းအမျိုးသမီးများကို စုဆောင်းပေးခြင်း၊ ဖောက်သည်များ ချိတ်ဆက်ပေးခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်းမှ ငွေကြေးကောက်ခံခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ၎င်းတို့၏ ထိုင်းလုပ်ဖော်ကိုင်ဖက်များကို အသိပေးပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ အဆိုပါအဖွဲ့သည် ဖောက်သည်များနှင့် ဆက်သွယ်ရန်အတွက် Telegram ကို အသုံးပြုခဲ့ကြပြီး တင်မ်ရှာဆွိုင်း (Tsim Sha Tsui) ရှိ ဟိုတယ်များတွင် ထိုင်းအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ပေးခဲ့ကြသည်ဟု သိရသည်။
အဆိုပါကွန်ရက်ကို တွန်မွန် (Tuen Mun) ရှိ နေရာတစ်ခုမှနေ၍ ကွပ်ကဲထိန်းချုပ်ခဲ့သည်ဟု ယူဆရပြီး၊ ဟောင်ကောင်ရဲတပ်ဖွဲ့က ကွန်ရက်အဖွဲ့ဝင်များ နေထိုင်သည့်နေရာများနှင့် အခြားဆက်စပ်နေရာများကိုပါ ဝင်ရောက်ရှာဖွေခဲ့ကြသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ထိုင်းနိုင်ငံသူ ၉ ဦး အပါအဝင် လူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် ရဲတပ်ဖွဲ့သည် ငွေသား ဟောင်ကောင်ဒေါ်လာ ၁၃ သန်းခန့်နှင့် မော်တော်ယာဉ် ၂ စီးကို သိမ်းဆည်းရမိခဲ့ပြီး၊ ဆက်စပ်ဘဏ်စာရင်းများတွင် ရှိနေသည့် ဟောင်ကောင်ဒေါ်လာ ၅ ဒသမ ၁၇ သန်းခန့်ကိုလည်း ထိန်းသိမ်း (frozen) ခဲ့သည်။
စုံစမ်းစစ်ဆေးရေးသမားများသည် အဆိုပါ လုပ်ငန်းများနှင့် ဆက်စပ်သည်ဟု ယုံကြည်ရသော အီလက်ထရောနစ် ဆက်သွယ်ရေးမှတ်တမ်းများနှင့် ငွေကြေးလွှဲပြောင်းမှု မှတ်တမ်းများကိုလည်း တွေ့ရှိခဲ့ကြသည်။
ကွန်ရက်တွင် ပါဝင်ပတ်သက်နေသူများ၏ အခန်းကဏ္ဍများနှင့် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်နေသည့် ငွေကြေးလမ်းကြောင်းများကို အဓိကထား၍ ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် အချက်အလက်များကို ဆက်လက်ဖလှယ်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ အချက်အလက်များကို အသုံးပြု၍ ကွန်ရက်တွင် ပါဝင်ပတ်သက်နေသည့် ထိုင်းနိုင်ငံအတွင်းရှိ အခြားသူများကို ဖော်ထုတ်သွားမည်ဖြစ်ပြီး တာဝန်ရှိသူများကို ဥပဒေအရ အရေးယူသွားမည် ဖြစ်သည်။
ပြည်ပနိုင်ငံများတွင် အလုပ်အကိုင် ရှာဖွေနေသူများအနေဖြင့် အလုပ်ရှင်၊ အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီများ၊ အလုပ်အကိုင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လစာနှင့် စာချုပ်များကို သေချာစွာ စစ်ဆေးကြရန်၊ ထို့အပြင် သွားရောက်မည့်နိုင်ငံအတွက် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ မှန်ကန်ခိုင်မာမှု ရှိစေရန်လည်း ရဲတပ်ဖွဲ့က သတိပေးထားသည်။ ထို့အတူ ဆိုရှယ်မီဒီယာများမှတစ်ဆင့် မြင့်မားသော လစာငွေများဖြင့် စည်းရုံးခေါ်ဆောင်သည့် အလုပ်ကမ်းလှမ်းချက်များ၊ အထူးသဖြင့် ခရီးသွားဗီဇာဖြင့် ဝင်ရောက်ကာ ချက်ချင်း အလုပ်စလုပ်နိုင်သည်ဟူသော အဆိုများကို အထူးသတိပြုကြရန် သတိပေးထားသည်။
ယင်းအပြင် လှည့်စားခံရခြင်း၊ ခရီးတွင် ပတ်စပို့ (နိုင်ငံကူးလက်မှတ်) သိမ်းဆည်းခံရခြင်း၊ ထွက်ခွာခွင့်မပေးခြင်း၊ အတင်းအကျပ် အလုပ်ခိုင်းစေခံရခြင်း သို့မဟုတ် အခြားသော နည်းလမ်းဖြင့် အမြတ်ထုတ်ခံရခြင်းများ ကြုံတွေ့ရပါက ဒေသတွင်း တာဝန်ရှိသူများ သို့မဟုတ် အနီးဆုံး ထိုင်းသံရုံး (သို့မဟုတ်) ကောင်စစ်ဝန်ရုံးသို့ ချက်ချင်းဆက်သွယ် အကူအညီတောင်းခံရန်လည်း တိုက်တွန်းထားသည်။
Ref: Thaiger
