သတိုး
၁၄. ၁၀. ၂၀၂၆
မြန်မာနိုင်ငံတွင် ၉၇ ရက်ကြာ ထိန်းသိမ်းခံခဲ့ရသည့် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ၎င်းလွတ်မြောက်လာခြင်းမှာ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ ကြိုးပမ်းပေးမှုကြောင့်ဖြစ်ကြောင်း အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သလို အခက်အခဲကြုံတွေ့နေရစဉ်အတွင်း ကူညီပေးရန် ပျက်ကွက်ခဲ့ကြသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သံတမန်များကိုမူ စွပ်စွဲပြစ်တင်လိုက်သည်။
မြန်မာနိုင်ငံတွင် ၁၃ နှစ်နီးပါး နေထိုင်ခဲ့သူ အမေရိကန် စီးပွားရေးသမားနှင့် အာဖဂန်နစ္စတန် စစ်ပွဲဝင် စစ်မှုထမ်းဟောင်း အဒမ် ကက်စတီလို (Adam Castillo) သည် အမေရိကန် ကုန်သည်ကြီးများအသင်း (မြန်မာ) တွင် ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီးနောက် အဆိုပါအသင်း၏ အတွင်းရေး အငြင်းပွားမှုတစ်ခုကြောင့် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့်အသက်ဟာ သမ္မတ ထရမ့်ပ်ကြောင့် ချမ်းသာရာရခဲ့တာပါ။ ဆိုလိုတာက သူသာမကူညီခဲ့ရင် ဒီနေ့ ကျွန်တော် ဒီမှာ ရှိနေမှာ မဟုတ်ပါဘူး” ဟု လွတ်မြောက်လာပြီးနောက် IANS သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် သီးသန့်အင်တာဗျူးတွင် ကက်စတီလိုက ပြောကြားခဲ့သည်။
၎င်းအား ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး၊ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းရေးစခန်းတွင် ၁၄ ရက်ကြာ နေထိုင်ခဲ့ရပြီးနောက် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရကာ ထိုနေရာတွင် နောက်ထပ် ၈၃ ရက်ကြာ နေထိုင်ခဲ့ရသည်ဟု ဆိုသည်။
သို့သော် မိမိအနေဖြင့် မည်သည့် ပြစ်မှုဖြင့်မျှ တရားဝင် ပြစ်ဒဏ်ချမှတ်ခံရခြင်း သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ခြင်း မရှိခဲ့ကြောင်းလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။
“ဟုတ်ပါတယ်၊ ကျွန်တော် ပြစ်ဒဏ်ကျတာ မဟုတ်ပါဘူး။ ထိန်းသိမ်းခံခဲ့ရတာပါ” ဟု ၎င်းက IANS သတင်းဌာနသို့ ပြောကြားခဲ့သည်။
အသင်း၏ ခေါင်းဆောင်ပိုင်းမှ ထွက်ခွာခဲ့ပြီးနောက် ၎င်းအပေါ် ဘဏ္ဍာရေးဆိုင်ရာ မသမာမှု စွပ်စွဲချက်များ ထွက်ပေါ်လာရာမှ အငြင်းပွားမှုများ စတင်ခဲ့ခြင်းဖြစ်သည်ဟု ကက်စတီလိုက ဆိုသည်။ ၎င်း၏ ပြောကြားချက်အရ အဖွဲ့အစည်းအတွင်းမှ အငြင်းပွားမှုအဖြစ် စတင်ခဲ့ရာမှ အဆုံးတွင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု ဖြစ်လာခဲ့ပြီး၊ ထိုမှတစ်ဆင့် ဝါရှင်တန်၏ ပါဝင်စွက်ဖက်မှု လိုအပ်သည့် နိုင်ငံတကာ သံတမန်ရေးရာ ပြဿနာတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
၎င်း လွတ်မြောက်ရေးအတွက် ကူညီပေးခဲ့သည့် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance)၊ ဘာသာရေးခေါင်းဆောင်များနှင့် ပုဂ္ဂလိက အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကိုလည်း ၎င်းက ကျေးဇူးတင်စကား ဆိုခဲ့သည်။
“ကျေးဇူးတင်ရမယ့်သူတွေ အများကြီး ရှိပါသေးတယ်။ ဒုတိယသမ္မတ ဂျေဒီဗန့်စ်ရဲ့ ရုံးအဖွဲ့အပြင် ပေါလာဝှိုက် (Paula White) ကနေ ကာဒီနယ် ဒိုလန် (Cardinal Dolan) အထိ အကျုံးဝင်တဲ့ ဘာသာပေါင်းစုံ ကောင်စီ (Faith Council) တို့ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသားများနှင့် ၎င်းတို့၏ မိသားစုများကို ကူညီပေးနေသည့် Global Reach အဖွဲ့အစည်း၏ အကူအညီများကိုလည်း ၎င်းက အသိအမှတ်ပြုခဲ့သည်။
သို့သော် ကက်စတီလိုက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ မြန်မာနိုင်ငံရှိ အမေရိကန် သံတမန်များသည် ၎င်း ထိန်းသိမ်းခံထားရသည်ကို သိရှိပါလျက်နှင့် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
“နိုင်ငံခြားရေးဝန်ကြီးဌာနက ဘာမှ မလုပ်ပေးခဲ့ပါဘူး” ဟု ဝါရှင်တန်တွင် ပြုလုပ်သည့် သီးခြား သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ၎င်းက ပြောကြားခဲ့သည်။
သံရုံးအရာရှိများသည် ကြားဝင်ဆောင်ရွက်ပေးရန် တွန့်ဆုတ်နေခဲ့ကြပြီး အိမ်ဖြူတော်က ပါဝင်ပတ်သက်လာမှသာ အဓိပ္ပာယ်ရှိသော သံတမန်ရေးရာ ကြိုးပမ်းမှုများ စတင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက စွပ်စွဲပြောကြားခဲ့သည်။
၎င်း ထိန်းသိမ်းခံထားရစဉ်အတွင်း အမေရိကန် ကောင်စစ်ဝန်အရာရှိများသည် ၎င်းထံ လေးကြိမ် လာရောက်တွေ့ဆုံခဲ့ပြီး၊ ထိုအထဲတွင် အင်းစိန်ထောင်အတွင်း ရှိနေစဉ် သုံးကြိမ် လာရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မိမိ၏ မိသားစုနှင့် ထောက်ခံသူများသည် သံရုံးထံမှ ထိရောက်သော အကူအညီများရရှိရန် ရုန်းကန်ခဲ့ရကြောင်း ကက်စတီလိုက IANS သို့ ပြောကြားခဲ့သည်။
“နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ရှက်သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်း၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတို့၏ တုံ့ပြန်ချက်များ မပါဝင်သဖြင့် အမှန်တကယ် ဟုတ်၊ မဟုတ် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိန်းသိမ်းခံခဲ့ရသော်လည်း ကက်စတီလိုက အင်းစိန်ထောင်အတွင်းရှိ အချို့သော အခြေအနေများနှင့် ပတ်သက်၍ အပေါင်း လက္ခဏာဆောင်သော သုံးသပ်ချက် ပေးခဲ့ပြီး၊ ယခင်နှစ်များနှင့်ယှဉ်လျှင် အဆောက်အအုံနှင့် အသုံးအဆောင်များ ပိုမိုကောင်းမွန်လာကြောင်း ပြောကြားခဲ့သည်။
သန့်ရှင်းရေးနှင့် နေထိုင်မှု အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းမှုများအတွက် အကျဉ်းထောင် အာဏာပိုင်များနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ကိုလည်း ၎င်းက အသိအမှတ်ပြုခဲ့သည်။
“နှိပ်စက်ညှင်းပန်းတာ၊ အနိုင်ကျင့်တာ ဒါမှမဟုတ် ဘာပုံစံနဲ့ပဲဖြစ်ဖြစ် ညှင်းပန်းနှိပ်စက်တာမျိုးတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော် ဘာမှ မကြုံခဲ့ရသလို ဒါမျိုးတွေလည်း မမြင်ခဲ့ရပါဘူး” ဟု ၎င်းက ဆိုသည်။
ကက်စတီလိုသည် စစ်တပ်မှ အငြိမ်းစားယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လုံခြုံရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ၎င်း၏ ကုမ္ပဏီသည် အစောင့်အရှောက် ပေးခြင်းနှင့် လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ပြီး၊ မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့်လေ့လာသည့် အစီရင်ခံစာများကိုလည်း ပြုစုခဲ့သည်။
Ref: ap7am
