သက်တံ့
၁၄. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ရာချာဘူရီ (Ratchaburi) ခရိုင်၊ ဘန်းခါ (Ban Kha) ရဲစခန်းဝင်းအတွင်းရှိ ၄ မီတာခန့် နက်သော ရေကန်အတွင်းသို့ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ပြီး ၎င်းသည် အရက်သေစာသောက်စား၍ ကားမောင်းမှုဖြင့် ဖမ်းဆီးခံထားရသော သားဖြစ်သူအား အာမခံလျှောက်ထားရန် ရဲစခန်းသို့ ရောက်ရှိနေစဉ် ဤဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ရာချာဘူရီခရိုင် ရဲတပ်ဖွဲ့က မနေ့က (အောက်တိုဘာ ၁၃ ရက်) တွင် ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေကို သတင်းထုတ်ပြန်ခဲ့သည်။
ဘန်းခါမြို့နယ်တွင် နေထိုင်သူ အသက် ၅၈ နှစ်အရွယ် ပတ်ချာနာ (Patchana) ဆိုသူ အမျိုးသမီးသည် ထိုညစောစောပိုင်းက စစ်ဆေးရေးဂိတ်တစ်ခုတွင် သားဖြစ်သူ ထိန်းသိမ်းခံလိုက်ရပြီးနောက် ရဲစခန်းသို့ လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ရဲစခန်းအရှေ့ရှိ ရဲအရာရှိတစ်ဦးထံ သားဖြစ်သူ မည်သည့်နေရာတွင် ရှိသနည်းဟု မေးမြန်းခဲ့ရာ၊ အဓိက စခန်းအဆောက်အအုံဘေးရှိ မှုခင်းကာကွယ်ရေးနှင့် နှိမ်နင်းရေး စစ်ဆင်ရေးအခန်းသို့ သွားရန် လမ်းညွှန်ပြသခြင်း ခံခဲ့ရသည်။
၎င်းသည် ထိုလမ်းကြောင်းအတိုင်း လျှောက်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဆွေမျိုးများက နောက်ပိုင်းတွင် လိုက်လံရှာဖွေခဲ့ကြရာ စစ်ဆင်ရေးအခန်းအနီး ရဲစခန်းဘေးရှိ ရေကန်အတွင်း သူမ၏ ဖိနပ်များ မျောနေသည်ကို တွေ့ရှိခဲ့ကြသည်။
ကယ်ဆယ်ရေးဝန်ထမ်းများကို ခေါ်ယူခဲ့ပြီး ၄ မီတာခန့် နက်သော ရေကန်အတွင်းမှ ရေများကို စုပ်ထုတ်ပြီးနောက် ဝင်ရောက်ရှာဖွေခဲ့ကြရာမှ ပတ်ချာနာ၏ ရုပ်အလောင်းကို ရေကန်အတွင်း တွေ့ရှိခဲ့ရပြီး သေဆုံးရသည့် အကြောင်းရင်းကို အတည်ပြုနိုင်ရန်အတွက် မှုခင်းဆေးစစ်ချက်လုပ်ဆောင်ခဲ့သည်။

သားဖြစ်သူက မိခင်အတွက် တရားမျှတမှု ရရှိရန် ဖေ့စ်ဘုတ် (Facebook) ထက်တွင် ရေးသားတောင်းဆိုခဲ့ပြီးနောက် ဤအမှုမှာ လူထုအကြား ပိုမို အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် မိခင်ဖြစ်သူအား လိုက်လံရှာဖွေရာတွင် ကူညီပေးခြင်း မရှိခဲ့ဘဲ ဒေသခံများကသာ ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူက စွပ်စွဲပြောဆိုထားသည်။
ထို့အပြင် ရဲစခန်းဘေးရှိ ရေကန်တွင် မည်သည့် ကာရံထားသည့် အတားအဆီးမျှ မရှိသလို၊ အနီးပတ်ဝန်းကျင်တွင်လည်း မီးရောင်မရှိကြောင်း ၎င်းက စွပ်စွဲထားသည်။
အဆိုပါ တိုင်ကြားချက်များထွက်ပေါ်လာပြီးနောက် ရာချာဘူရီခရိုင် ရဲတပ်ဖွဲ့က ပတ်ချာနာ သေဆုံးရသည့် ဖြစ်စဉ်အခြေအနေများ၊ စီစီတီဗီ (CCTV) မှတ်တမ်းများနှင့် ရဲစခန်းပတ်ဝန်းကျင်ရှိ မီးလင်းရေး အခြေအနေများကို ပြန်လည်စစ်ဆေးခြင်း အပါအဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။
ခရိုင်ရဲတပ်ဖွဲ့မှူးက ထိုဧရိယာအတွင်း မီးရောင်လုံလောက်မှု မရှိသည်မှာ ဖြစ်နိုင်ကြောင်း အသိအမှတ်ပြုခဲ့ပြီး၊ ယနေ့ (အောက်တိုဘာ ၁၄ ရက်) တွင် ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးရန် အစီအစဉ်ရှိသည်။
စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေစဉ်အတွင်း ရဲတပ်ဖွဲ့သည် ပတ်ချာနာ၏ ဆွေမျိုးများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။
Ref: Thaiger
