




သတိုး
၁၄. ၁၀. ၂၀၂၆
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း – ၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့ရှိ အဆိုပါစက်ရုံနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားကို Digital နည်းပညာအသုံးပြု၍ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတက သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် စက်ရုံ တစ်ရုံတည်ဆောက်ပြီးစီးမှုကို ဂုဏ်ပြုသည့် မှတ်တိုင်တစ်ခုသာမက နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ပြည်တွင်းထုတ်လုပ်မှုစွမ်းရည် မြှင့်တင် ရန်နှင့် ရေရှည်တည်တံ့သည့် စွမ်းအင်လုံခြုံမှုကိုတည်ဆောက်ရန်တို့အတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဝန်ကြီးဌာန၏ နှစ် (၄၀) ပြည့် ပတ္တမြားရတု အခမ်းအနားနှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အခမ်းအနားတို့ကို ကျင်းပနိုင်ခဲ့ သကဲ့သို့ ယနေ့တွင်လည်း ရေနံချက်စက်ရုံသစ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် ဝန်ကြီးဌာနအတွက် ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခု ဖြစ်ကြောင်း၊ ယခုအောင်မြင်မှုကို အခြေခံပြီး နိုင်ငံတော်၏စွမ်းအင်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ရေနံလုပ်ငန်းနှင့်ပတ်သက်ပြီး ရှည်လျားသည့် သမိုင်းကြောင်း ရှိခဲ့ကြောင်း၊ သမိုင်းမှတ်တမ်းများအရ ၁၈၇၁ ခုနှစ် ကတည်းက “ရန်ကုန်ရေနံကုမ္ပဏီ” အမည်ဖြင့် ရေနံချက်လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်ကို လေ့လာသိရှိရ ကြောင်း၊ ထို့နောက် ၁၉၂၅ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီလီမိတက်က တစ်ရက်ကို ရေနံစိမ်း ဂါလန် ၈ သိန်းချက်လုပ်နိုင်သည့် သန်လျင်ရေနံချက်စက်ရုံကို တည်ဆောက်ခဲ့ပြီး ပြည်တွင်းရေနံမြေများက ရရှိသည့်ရေနံစိမ်းများကို ပိုက်လိုင်းများဖြင့် ပို့ဆောင်ချက် လုပ်ပြီး ပြည်တွင်းသုံးစွဲမှုနှင့်ပြည်ပ တင်ပို့မှုတို့အတွက် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်ကာလအတွင်း ရေနံလုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံ များပျက်စီးဆုံးရှုံးခဲ့ရသော်လည်း ပြန်လည်ပြုပြင်တည်ဆောက်နိုင်ခဲ့ပြီး ၁၉၅၇ ခုနှစ် တွင် ရေနံချက်စက်ရုံကို ပြန်လည်လည်ပတ်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင်လည်း စက်ရုံကို အဆင့်ဆင့်တိုးချဲ့တည်ဆောက်ခဲ့ကြောင်း၊ သို့သော် ကုန်ကြမ်းရရှိမှု၊ ထုတ်လုပ်မှုနည်းပညာ၊ ထုတ်ကုန်အရည်အသွေးနှင့် ဈေးကွက်လိုအပ်ချက်တို့အကြား ဟန်ချက်မညီပါက စက်ရုံတည်ရှိနေရုံဖြင့် ရေရှည်အောင်မြင်မှုကို မရနိုင်သည်ကို သင်ခန်းစာယူကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ရေနံချက်စက်ရုံသစ်ကို တည်ဆောက်လည်ပတ်ရာတွင်လည်း စက်ရုံတည်ဆောက်ရေး တစ်ခုတည်းကိုသာ အာရုံ စိုက်မနေဘဲ ကုန်ကြမ်းလုံလောက်မှု၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်၊ ထုတ်ကုန်အရည် အသွေးနှင့် စီးပွားရေးအရ အကျိုးအမြတ်ရှိမှုတို့ကိုလည်း တစ်ပြိုင်တည်း စနစ်တကျ စီမံဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယနေ့တွင် စီမံကိန်းပထမအဆင့် (Phase I) စက်ရုံသစ်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအောင်မြင်မှုသည် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ ကာယ၊ ဉာဏလုပ်သားများ၊ မိတ်ဖက်ကုမ္ပဏီကြီးများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ် သဖြင့် သက်ဆိုင်သူအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း၊သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စက်ရုံလည်ပတ်မှု၊ ထုတ်လုပ်မှု စွမ်းဆောင်ရည်၊ စက်ပစ္စည်းပြုပြင်ထိန်းသိမ်းမှု၊ စွမ်းအင်သုံးစွဲမှုနှင့် ထုတ်ကုန်အရည် အသွေးတို့ကို စဉ်ဆက်မပြတ်စောင့်ကြည့် သုံးသပ်ကြရန်နှင့် သတ်မှတ်ထားသည့် ရည်မှန်းချက်များနှင့် လက်တွေ့ရလဒ်များအကြား ကွာဟချက်ရှိပါက အကြောင်းရင်း များကို အချိန်မီဖော်ထုတ်ပြီး ပြင်ဆင်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ စီမံကိန်းဒုတိယအဆင့် ( Phase II) အနေဖြင့် တိုးချဲ့ ရေနံချက်စက်ရုံကို ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း၊ ထိုအဆင့်တွင် ရည်မှန်းထား သည့် အဆင့်မြင့်စက်သုံးဆီများနှင့် ရေနံဓာတုထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စက်ရုံတည်ဆောက်ရေး တစ်ခုတည်းကိုသာ အာရုံစိုက်၍မရကြောင်း၊ စီမံကိန်း အဆင့်အားလုံးပြီးစီးပြီး စက်ရုံလည်ပတ်လာသည့်အခါ လက်တွေ့ ထုတ်လုပ်နိုင်မည့် ပမာဏ၊ ထုတ်ကုန်အမျိုးအစား၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်နှင့် ကုန်ကြမ်း ရရှိနိုင်မှုတို့ကိုအခြေခံပြီး စီမံကိန်း၏အကျိုးဖြစ်ထွန်းမှုကို သေချာစွာ စိစစ်သွားကြရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ဆက်လက် မှာကြားသည်။






အလားတူ မိမိအနေဖြင့် အလေးထားမှာကြားလိုသည်မှာ စက်ရုံစွမ်းရည် တိုးမြှင့်ရေးနှင့် အတူ စက်ရုံ၏ရေရှည်လည်ပတ်နိုင်စွမ်း၊ စီးပွားရေးအရ အကျိုးရှိမှုနှင့်ထုတ်ကုန်အရည် အသွေးတို့ကို တစ်ပြိုင်တည်း မြှင့်တင်သွားကြရန်ဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် ပထမလိုအပ်ချက်မှာ ရေနံစိမ်းကုန်ကြမ်း လုံလောက်စွာ ရရှိရေးပင်ဖြစ်ကြောင်း၊ စက်ရုံစွမ်းရည်မည်မျှပင်မြင့်မြင့် ကုန်ကြမ်း မလုံလောက်ပါက သတ်မှတ်ထားသည့် ထုတ်လုပ်မှုရည်မှန်းချက်များကို မပြည့်မီနိုင်သောကြောင့် ပြည်တွင်းရေနံထုတ်လုပ်မှုတိုးမြှင့်ရေး၊ ရရှိနိုင်သည့် ရေနံစိမ်းများကို ထိရောက်စွာ အသုံးချနိုင်ရေးနှင့်လိုအပ်သည့် ကုန်ကြမ်းများကို စဉ်ဆက်မပြတ် ရရှိနိုင်ရေးတို့ အတွက် ဦးစားပေးဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းက ထုတ်လုပ်သည့်ရေနံစိမ်းနှင့် ပြည်ပကရရှိနိုင်သည့် ကုန်ကြမ်းများကို ပေါင်းစပ်စီမံခန့်ခွဲပြီး စက်ရုံများ၏ လိုအပ်ချက်နှင့်ကိုက်ညီအောင် စီစဉ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရုံဖြင့် ပြည်သူများအတွက် အကျိုးကျေးဇူး အပြည့်အဝရရှိမည် မဟုတ်ကြောင်း၊ ထုတ်ကုန်များကို အချိန်မီနှင့် ထိရောက်စွာဖြန့်ဖြူးပေးနိုင်ရန်၊ ကုန်ကျစရိတ်များကိုလည်း ထိန်းချုပ်နိုင်ရန် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ စက်သုံးဆီထုတ်လုပ်မှု တိုးမြှင့်ရခြင်းသည် ပြည်ပက တင်သွင်းမှုကို အစားထိုးနိုင်ရန် တစ်ခုတည်းအတွက် မဟုတ်ကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် ပြည်တွင်းကုန်ထုတ်လုပ်မှု ကဏ္ဍများအတွက် လိုအပ်သည့်စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်အတွက် ရေရှည်တည်တံ့သည့် စီးပွားရေးအကျိုး အမြတ်များ ရရှိစေရန်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါရည်မှန်းချက်များ အမှန်တကယ် အောင်မြင်ရန်အတွက် ကုန်ကြမ်းဝယ်ယူမှုမှ စတင်ပြီး ရေနံချက်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုအထိ အဆင့်ဆင့်တိုင်းတွင် ကုန်ကျစရိတ်များကို ခြုံငုံသုံး သပ်ပြီး ထိရောက်စွာ စီမံခန့်ခွဲသွားကြရန်လိုအပ်ကြောင်း၊ စွမ်းအင်လုံခြုံမှုရှိစေရန် ပြည်ပက စွမ်းအင်နှင့်ကုန်ကြမ်းများကို အလွန်အမင်း မှီခိုနေရခြင်းကို လျှော့ချရန်လိုအပ်ကြောင်း၊ ထို့အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် များကို သင့်လျော်သလို ပေါင်းစပ်အသုံးပြုရန်၊ စွမ်းအင်သိုလှောင်နိုင်မှုနှင့် အရေးပေါ် အခြေအနေများတွင် ထိရောက်စွာ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ရန်လည်း လိုအပ်ကြောင်း၊ တစ်ချိန်တည်း၌ပင် စွမ်းအင်ကို အလေအလွင့်မရှိဘဲ ထိရောက်စွာ အသုံးပြုနိုင်ရေး ကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့စွမ်းအင်ကဏ္ဍကို လေ့လာကြည့်မည်ဆိုပါက နည်းပညာနှင့် ဈေးကွက် အခြေအနေများသည် အလျင်အမြန်ပြောင်းလဲတိုးတက်လျက်ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လက်ရှိစွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေရှည်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ခုစလုံးကို ဟန်ချက်ညီညီ စဉ်းစား ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့ စွမ်းအင်အရင်း အမြစ်များကိုလည်း ထိရောက်စွာ အသုံးချသွားရမည်ဖြစ်သကဲ့သို့ ပြန်လည် ပြည့်ဖြိုး မြဲစွမ်းအင် အသုံးပြုရေး၊ စွမ်းအင်ချွေတာရေးနှင့် နည်းပညာအသစ်များ ဖော်ထုတ် အသုံးချရေးတို့ကိုလည်း တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အပြင် ခေတ်မီရေနံချက်စက်ရုံတစ်ရုံ ရေရှည်အောင်မြင်ရန်အတွက် စက်ပစ္စည်းနှင့်နည်းပညာများ ခေတ်မီရုံဖြင့် မလုံလောက်ဘဲ အဆိုပါနည်းပညာများကိုထိထိရောက်ရောက် အသုံးချနိုင်သည့် ပြည်တွင်းပညာရှင်များနှင့် ကျွမ်းကျင်လုပ်သား များရှိရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေ ဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အလားတူ ဒစ်ဂျစ်တယ်စနစ်များ၊ အလိုအလျောက်ထိန်းချုပ်မှုစနစ်များနှင့် ဉာဏ် ရည်တု (AI) နည်းပညာများကိုလည်း လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသည့် နေရာ များတွင် အသုံးချသွားရန်လိုအပ်ကြောင်း၊ အထူးသဖြင့် စက်ပစ္စည်းများ မချို့ယွင်းမီ ကြိုတင်ခန့်မှန်းနိုင်ရန်၊ စွမ်းအင်ကို ထိရောက်စွာအသုံးပြုနိုင်ရန်၊ ထုတ်လုပ်မှုအခြေ အနေများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ရန်နှင့် ဘေးအန္တရာယ် ဖြစ်နိုင်ခြေ များကို ကြိုတင်ဖော်ထုတ်နိုင်ရန် နည်းပညာများကို လက်တွေ့အကျိုးရလဒ်ရရှိအောင် အသုံးချသွားကြရမည်ဖြစ်ကြောင်း၊တစ်ချိန်တည်း၌ပင် ရေနံချက်လုပ်ငန်းသည် ဘေးအန္တရာယ် ဖြစ်နိုင်ခြေမြင့်မားသည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် လုပ်ငန်းခွင်ဘေးကင်းလုံခြုံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံလည်ပတ်မှုအဆင့်တိုင်း၌ အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်စိစစ်ရန်၊ မီးဘေးနှင့်အရေးပေါ်အခြေအနေများအတွက် အသင့်ပြင်ဆင်ထား ရန်၊ စက်ပစ္စည်းများကို ပုံမှန်စစ်ဆေးထိန်းသိမ်းရန်နှင့် ရေဆိုး၊ လေထုညစ်ညမ်းမှုများ ကို ထိန်းချုပ်ရန် စနစ်တကျ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယင်းတို့သည် လုပ်ငန်းကို ရေရှည်တည်တံ့ပြီး ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ရန် မဖြစ်မနေလိုအပ် သည့် အခြေခံအချက်များဖြစ်ကြောင်း၊ ထုတ်လုပ်မှုရည်မှန်းချက်များပြည့်မီအောင် ဆောင်ရွက်ရာတွင်လည်း ဘေးကင်း လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများကို အလျှော့ပေး၍မရကြောင်း၊ ထို့ကြောင့် ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကို တိတိကျကျလိုက်နာကြရန်လိုအပ်ကြောင်း၊ ထို့အပြင် အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများကိုလည်း အချိန်မီ သတင်းပို့တင်ပြနိုင်သည့် လုပ်ငန်းခွင်ယဉ်ကျေးမှု တစ်ရပ်ကို အားလုံးဝိုင်းဝန်း တည်ဆောက်သွားကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ထပ်ဆင့်မှာကြားသည်။
ယနေ့ ဖွင့်လှစ်လိုက်သည့် ရေနံချက်စက်ရုံသစ်သည် ပြည်တွင်း ရေနံချက်လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်း အောင်မြင်မှုကိုအခြေခံပြီး နောက်ဆက်တွဲစီမံကိန်းများကိုလည်း သတ်မှတ်ချိန် အတွင်းပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့် စီးပွားရေးအရ အကျိုးရှိစေရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စီမံကိန်းတည်ဆောက်ရေးနှင့် လည်ပတ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ Thanlyin Refinery Company နှင့် မိတ်ဖက်ကုမ္ပဏီများမှ ပညာရှင်များနှင့် လုပ်သား များ အားလုံး၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ချီးကျူးလိုပါကြောင်း၊ ရှေ့ဆက် ဆောင်ရွက်ကြမည့် စီမံကိန်းအဆင့်များကိုလည်း ယခုကဲ့သို့ပင် စည်းစည်းလုံးလုံး၊ တာဝန်ယူမှုရှိရှိဖြင့် မိမိတို့၏ ကျွမ်းကျင်မှုများကို အပြည့်အဝအသုံးချပြီး အောင်မြင် အောင် ဆက်လက်အကောင်အထည်ဖော်သွားကြရန် တိုက်တွန်းလိုကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုကုန်ထုတ်လုပ်မှုနှင့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ထို့ကြောင့် စွမ်းအင်စီမံကိန်းများကို အကောင် အထည်ဖော်ရာတွင် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေး၊ ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိရေး၊ နည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးကင်း လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေနံချက် လုပ်ရေးနှင့် ရေနံဓာတုဗေဒကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရာတွင် လက်တွေ့အကောင်အထည်ဖော်နိုင်မှုနှင့် ရေရှည်အကျိုးရှိမှုကို အဓိကထားပြီး နိုင်ငံ တော်နှင့် ပြည်သူများအတွက် အကျိုးရှိသည့်ရလဒ်များ ရရှိလာအောင် ကြိုးပမ်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ” ဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင် ရန် စွမ်းအင်ဖူလုံရေး၊ စွမ်းအင်လုံခြုံရေးနှင့် ရေရှည်တည်တံ့သည့် စွမ်းအင်ဖွံ့ဖြိုးရေးတို့ကိုအခြေခံပြီးလုပ်ငန်းစဉ်တစ်ခုချင်းစီကို စနစ်တကျ၊ အစီအစဉ်တကျဖြင့် ခိုင်ခိုင် မာမာဆက်လက် အကောင်အထည်ဖော်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဝန်ထမ်းများအားလုံး၏ စုစည်းညီညွတ်သည့် အင်အား၊ တာဝန်ယူမှု၊ ဆန်းသစ် တီထွင်လိုစိတ်နှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုတို့ဖြင့် နိုင်ငံတော်နှင့် ပြည်သူ များအတွက်အကျိုးရှိသည့် စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက် နိုင်ကြပါစေရန်နှင့် “စွမ်းအင်ပြည့်ဖြိုး နိုင်ငံ့အကျိုး” ဟူသော ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အောင် မြင်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် သန်လျင်ရေနံ သန်လျင် ချက်စက်ရုံအပိုင်း(၂) တည်ဆောက်မည့်နေရာသို့ သွားရောက်ကြပြီး ရေနံချက်စက်ရုံအပိုင်း(၂) တည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သန်လျင်ရေနံချက်စက်ရုံအပိုင်း(၂)အား ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များလမ်းညွှန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အဖြစ်ဖွင့်လှစ်ထားသည့် စွမ်းအင်ပြတိုက်(Energy Museum) အတွင်း ပြသထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု သမိုင်းကြောင်း ဆိုင်ရာပြကွက်များနှင့် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
