၁၀.၁၀.၂၀၂၆
Written by NYL
တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်ဆန္ဒများအပေါ် တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီ(SNUC/SNA)နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက်၊ နံနက်ပိုင်းက နေပြည်တော်တွင်ပြုလုပ်ခဲ့ကာ “ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုချက်”အား လက်မှတ်ရေးထိုးကြပြီး နှစ်ဖက်ခေါင်းဆောင်များက အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရသည်။
NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က “တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်ဆန္ဒများအပေါ် တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း၊ ပဋိပက္ခများဖြစ်ပွားနေသည့် ဒေသများတွင် ပဋိပက္ခဒဏ်ခံစားနေရသူများမှာ အနာဂတ်နိုင်ငံတော်အတွက် လူသားအရင်းအနှီးများဖြစ်သော အမျိုးသမီး၊ ကလေးသူငယ်များအပါအဝင် ပြည်သူများသာဖြစ်ကြောင်း၊ ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) ဒေသတွင် လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှစီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးနေကြောင်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံမှုရှိမှသာ လူမှုဘဝရပ်တည်ရေး၊ ပညာရေး၊ ကျန်းမာရေးများ ကောင်းမွန်မည်ဖြစ်ကြောင်း၊ SNUC/SNA အဖွဲ့သည် ငြိမ်းချမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းဖြစ်သဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးပေးစေလိုကြောင်း ” ပြောကြားခဲ့သည်။
ထို့ပြင် ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီနှင့် နေပြည်တော်၌ တရားဝင်တွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ဒေသတွင်း အကြမ်းဖက်အဖွဲ့များမရှိစေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက် သွားရန်လိုကြောင်း၊ အချို့လက်နက်ကိုင်အဖွဲ့များသည် နယ်မြေဒေသရှိ သဘာဝသ ယံဇာတများရယူလိုမှုဖြင့် စီးပွားရေးအကျိုးအမြတ်ပေါ်မူတည်၍ ဆောင်ရွက်နေကြကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီဥက္ကဋ္ဌ စဝ်ဆေခွန်းအောင်က SNUC/SNA အနေဖြင့် ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့ဖြစ်ကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပါဝင်ခွင့်ရသဖြင့် ဝမ်းသာဂုဏ်ယူပါကြောင်း၊ မိမိတို့အဖွဲ့၏ အားနည်းချက်များအပေါ် လက်တွဲခေါ်ဆောင်ပေးသွားရန် တင်ပြလိုကြောင်း၊ ရှေ့ဆက်ပြီး နိုင်ငံတော်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ SNUC/SNA ဥက္ကဋ္ဌ စဝ်ဆေခွန်းအောင်၊ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ဆေစိုင်းကမ်၊ အတွင်းရေးမှူး စဝ်ဆေစိုင်းထူး၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် စဝ်ဆေအောင်ထွန်းနှင့် စဝ်ဆေကောင်းဆိုင်၊ တွဲဖက်အတွင်းရေးမှူး စဝ်ဆေဝမ်းဖှတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသူများသည် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် စတုတ္ထအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးမှုအပေါ် ပြန်လည်သုံးသပ်ချက်နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ကတိပြုချက်(မူကြမ်း)အား စိစစ်သုံးသပ်အတည်ပြုနိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာလိုအပ်ချက်များနှင့် တရားဝင်ကုန်သွယ်မှု၊ ထုတ်လုပ်မှုလုပ်ငန်းများဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီအား နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုရေး၊ တပ်ပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) လူမျိုးများ၏ သမိုင်းကြောင်းအရ ပျံ့နှံ့နေထိုင်မှု၊ မှတ်ပုံတင်အရ လူမျိုး အမည်အသုံးအနှုန်း၊ ဒေသအသိအမှတ်ပြုလိုမှုတို့နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့ တင်ပြဆောင်ရွက်နိုင်မည့်အခြေအနေများကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် သဘောတူညီထားသည့် “ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုချက်” အား လက်မှတ်ရေးထိုးကြပြီး နှစ်ဖက်ခေါင်းဆောင်များက အပြန်အလှန်လဲလှယ်ကြကြောင်း သိရသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများ ညီညွတ်ရေးကောင်စီနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့မှုများတွင် ဆွေးနွေးတင်ပြခဲ့သော ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ NCA အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းတို့နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြောင်း သိရသည်။
