၁၀.၁၀.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေညောင်ပင်ရပ်ကွက်၊ နယ်မြေ (၁၀) တွင် မီးပလပ်ခုံအပူလွန်ကဲရာမှ လူနေအိမ်တစ်လုံးမီးလောင်မှုအောက်တိုဘာလ ၉ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
“ရေခဲသေတ္တာကိုသုံးတဲ့ မီးပလပ်ခုံက အပူလွန်ပြီး အနားက ထရံကို ကူးရင်းစလောင်တာပါ။ လူထိခိုက်သေဆုံးမှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၄ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး အလျား ၂၇ ပေ၊အနံ ၂၇ ပေရှိ သွပ်မိုးထရံကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၃၃ နှစ်အရွယ် အိမ်ရှင်အမျိုးသားကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
