သတိုး
၁၀. ၁၀. ၂၀၂၆
တပ်မတော်ကို ထောက်ပံ့သည်ဟု စွပ်စွဲခံထားရသော မြန်မာလုပ်ငန်းရှင်တစ်ဦး၏ သမီးဖြစ်သူ ဒေါ်သိမ့်ဝင်းထက်အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမေရိကန်အစိုးရက သောကြာနေ့တွင် ရုပ်သိမ်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန၏ ဝက်ဘ်ဆိုက်အရ သိရပြီး သူမသည် အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် အမေရိကန်အစိုးရကို တရားစွဲဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်လာခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် အာဏာအငြင်းပွားမှုများကြောင့် တပ်မတော် ဗိုလ်ချုပ်များကို သီးသန့်ခွဲထုတ်ထားရန် ကြိုးပမ်းခဲ့သည့် အမေရိကန်၏ မူဝါဒကို ပြောင်းပြန်လှန်လျက်၊ ထရမ့်ပ်အစိုးရက မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသား ဒေါ်သိမ့်ဝင်းထက်ကို အထူးသီးသန့် ထိန်းချုပ်ခံရသူများနှင့် ပိတ်ပင်ခံထားရသူများစာရင်း (SDN List) မှ ဖယ်ရှားရန် ဆုံးဖြတ်ချက်သည် အဆိုပါ ဆွေးနွေးမှုများ၏ ရလဒ် ဟုတ်မဟုတ်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက် သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစိုးရသည် တပ်မတော်အား ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခံရသော မြန်မာစစ်တပ် အဆင့်မြင့်အရာရှိများနှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
ဘဏ္ဍာရေးဌာနသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် Shwe Byain Phyu Group of Companies၊ တည်ထောင်သူ ဦးသိန်းဝင်းဇော်နှင့် ၎င်း၏ မိသားစုတို့ကို ပစ်မှတ်ထားခဲ့ပြီး အဆိုပါကုမ္ပဏီသည် တပ်မတော်အတွက် ရေနံတင်သွင်းဖြန့်ချီပေးနေကြောင်းနှင့် မိသားစုပိုင် ကုမ္ပဏီ အနည်းဆုံး ၂၀ သည် တပ်မတော်နှင့် အနီးကပ် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။
ဦးသိန်းဝင်းဇော်၏ အရွယ်ရောက်ပြီးသော သမီးဖြစ်သူ ဒေါ်သိမ့်ဝင်းထက်သည် SDN စာရင်းမှ သူမကို ဖယ်ရှားပေးရန် ဘိုင်ဒင်အစိုးရကို တရားစွဲဆိုခဲ့သော်လည်း သူမ၏ အမှုမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပယ်ချခံခဲ့ရသည်။ ဤပိတ်ဆို့အရေးယူမှုများသည် ပစ်မှတ်ထားခံရသူများ၏ အမေရိကန်နိုင်ငံအတွင်းရှိ ပိုင်ဆိုင်မှုများကို ဆက်လက်ထိန်းချုပ်ထားပြီး အမေရိကန်နိုင်ငံသားများအနေဖြင့် ၎င်းတို့နှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် တားမြစ်ထားသည်။
အမေရိကန်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် တပ်မတော်ကို ကူညီခဲ့မှုဖြင့် ပိတ်ဆို့အရေးယူခံထားရသည့် အခြား မြန်မာနိုင်ငံသား အများအပြားနှင့် ကုမ္ပဏီတစ်ခုအပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့သည်။
ဒေါ်သိမ့်ဝင်းထက်သည် ဖခင်၏ စီးပွားရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်း မရှိကြောင်းနှင့် နယူးယောက်တက္ကသိုလ် (New York University) တွင် ဘွဲ့ကြိုပြီးစီးခဲ့ပြီး ကိုလံဘီယာတက္ကသိုလ် (Columbia University) တွင် မဟာဘွဲ့သင်တန်း တက်ရောက်နေစဉ် အမေရိကန်နိုင်ငံ၌ သူမ၏ ပညာရေးကို အဆိုပါ ပိတ်ဆို့မှုများက အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း ထောက်ပြလျက် ယခုနှစ် ဇူလိုင်လတွင် တိုင်ကြားချက်အသစ် တင်သွင်းခဲ့သည်။
”တရားလိုရဲ့ အမေရိကန် ခရက်ဒစ်ကတ်တွေ ပိတ်ဆို့ခံခဲ့ရတယ်၊ နိုင်ငံခြားဘဏ်စာရင်းတွေ ကန့်သတ်ခံရတာ၊ ပိတ်သိမ်းခံရတာ ဒါမှမဟုတ် ငြင်းပယ်ခံရတာတွေ ဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ တက္ကသိုလ်ပညာရေးကို ပြီးဆုံးအောင် ဆက်လက်မလုပ်ဆောင်နိုင်တော့ပါဘူး” ဟု တိုင်ကြားချက်တွင် ဖော်ပြထားပြီး ယခုအခါ ဘန်ကောက်မြို့ရှိ မိခင်ဖြစ်သူထံတွင် နေထိုင်လျက်ရှိကြောင်း ဒေါ်သိမ့်ဝင်းထက်က ဖော်ပြခဲ့သည်။ သူမ၏ မိခင်မှာမူ ပြီးခဲ့သည့်နှစ်က ပိတ်ဆို့အရေးယူမှုစာရင်းမှ ဖယ်ရှားခံခဲ့ရသည်။
ဒေါ်သိမ့်ဝင်းထက်၏ ရှေ့နေဖြစ်ပြီး ဝါရှင်တန်အခြေစိုက် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ကျွမ်းကျင်သူ အစ်ရစ် ဖာရယ်ရီ (Erich Ferrari) သည် SDN စာရင်းမှ ဒေါ်သိမ့်ဝင်းထက် ဖယ်ရှားခံရပြီးနောက် သောကြာနေ့တွင် ကိုလံဘီယာခရိုင် အမေရိကန် ခရိုင်တရားရုံးသို့ အဆိုပါ တရားစွဲဆိုမှုကို ဆန္ဒအလျောက် ရုပ်သိမ်းကြောင်း အကြောင်းကြားစာ တင်သွင်းခဲ့သည်။
Ref: Reuters
