နေမိုး
၁၀. ၁၀. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးသတ်၍ ငွေကျပ် သိန်း ၈၀၀ အား လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသား တစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၅ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ ကျောင်းလမ်းနှင့် စိန်ပန်းလမ်းထောင့်၊ တိုက်အမှတ်(၅၉)ဘေး၌ ရပ်တန့်ထားသည့် BGO-27 9R/XXXX MISUBISHI XPANDER မော်တော်ယာဉ်ပေါ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ရပ်ကွက်(၁၈)ကန်တော်မင်္ဂလာရပ်ကွက်နေ ဦးဟန်ညွန့်(၆၉)နှစ်မှာ ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေပြီး ယာဉ်ပေါ်တွင်ပါရှိသည့် ငွေကျပ် သိန်း ၈၀၀ ထည့်ထားသော လက်ဆွဲအိတ်မှာ ပျောက်ဆုံးနေသဖြင့် ပိုင်ရှင်ဖြစ်သူ ဖျာပုံမြို့နယ်၊ ရပ်ကွက်(၉)ကွက်သစ်မြောက်ရပ်ကွက်နေ ဦးကျော်လင်း(၅၄)နှစ်မှ ၎င်း၏ယာဉ်မောင်းဖြစ်သူအား သတ်ဖြတ်၍ ငွေများ လုယက်ယူဆောင်သွားသူ တရားခံအား ဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်းချက်အရ လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်း (ပ)၁၁၈၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုရေးဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေးအတွက် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာနေ တရားခံ လျှမ်းထက်အောင်(၂၃)နှစ်အား လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေကျပ် သိန်း ၅၄၀ နှင့် ၎င်းငွေဖြင့် ဝယ်ယူထားသည့် iphone 18 Pro Max အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ နားကြပ်တစ်စုံနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ လျှမ်းထက်အောင်အား စစ်ဆေးချက်အရ ၎င်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်းရှိ ဦးကျော်လင်း၏ “ကျော်လင်း၊ AJ” ပွဲရုံတွင် စာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ဦးဟန်ညွန့်မှာ အပတ်စဉ် ဖျာပုံမြို့မှ ကုန်လာဝယ်လေ့ရှိသဖြင့် ခင်မင်ရင်းနှီးကြောင်း၊ ၎င်းသည် စက်တင်ဘာ ၁၉ ရက်တွင် အဆိုပါပွဲရုံမှ အလုပ်ထွက်ခဲ့ပြီးနောက် ငွေကြေးလိုအပ်ချက်အရ အပတ်စဉ်ကုန်လာဝယ်လေ့ရှိသည့် ဦးကျော်လင်းပိုင် ငွေများအား လုယက်ရန် ကြံစည်ခဲ့ကြောင်း၊ အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် ဘုရင့်နောင်ပွဲရုံဝင်းရှိ ငုဝါလမ်း၌ အသင့်စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း ဦးဟန်ညွန့်မှာ တစ်ဦးတည်း မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကျန်စစ်သားအိမ်ရာဘက်သို့ လိုက်ပို့ပေးရန် ခေါ်ဆောင်သွားခဲ့ကာ အခင်းဖြစ်နေရာအရောက်၌ အသင့်ပါလာသောဓားဖြင့် ဦးဟန်ညွန့်၏လည်ပင်းအား ခုနစ်ချက်ခန့် ထိုးသတ်ခဲ့ပြီးနောက် ယာဉ်နောက်ခန်းအတွင်းရှိ ငွေကျပ် သိန်း ၈၀၀ ထည့်ထားသောအိတ်အား လုယက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး၊ အသွား ၁၅ လက်မ ခွဲခန့်ရှိ ဓားဦးချွန်ဓားမြှောင် တစ်ချောင်းအား လှိုင်မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းဘေးရှိ ရေမြောင်းထဲမှ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အမျိုးသားတစ်ဦးအား သတ်ဖြတ်၍ ငွေကျပ် သိန်း ၈၀၀ အား လုယက်ယူဆောင်ခဲ့သူ တရားခံ လျှမ်းထက်အောင်အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
