သက်တံ့
၁၄. ၁၀. ၂၀၂၆
ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့၏ ကာကွယ်ရေးဝန်ကြီးများသည် ယခုနှစ်အတွက် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို ပြန်လည်သုံးသပ်ပြီး နောင်နှစ်အတွက် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်သွားကြရန် သဘောတူညီခဲ့ကြပြီး၊ ၎င်းတို့၏ နှစ်နိုင်ငံနယ်စပ်ဒေသများကို ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် ပူးတွဲဖွံ့ဖြိုးတိုးတက်ရေး ဇုန်များအဖြစ် ပြောင်းလဲသွားရန် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဟု ကတိကဝတ်ပြုခဲ့ကြသည်။
အဆိုပါ ကတိကဝတ်ကို အင်္ဂါနေ့က ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တီး ဆေဟာနှင့် ဗီယက်နမ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဖန် ဗန်ဂျန်တို့၏ လုပ်ငန်းဆိုင်ရာ အစည်းအဝေးအတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးအပြီးတွင် ဗိုလ်ချုပ်ကြီး တီး ဆေဟာ ထုတ်ပြန်ခဲ့သော ကြေညာချက်အရ နှစ်ဖက်စလုံးသည် ယခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ၏ ရလဒ်များကို ဆွေးနွေးခဲ့ကြပြီး၊ နှစ်ဖက်စလုံးက သဘောတူလက်မှတ်ရေးထိုးထားသည့် နောင်နှစ်အတွက် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် ခက်ခဲသော ကာလများကို ဖြတ်သန်းခဲ့ကြရသည့် ၎င်းတို့၏ ဘုံသမိုင်းကြောင်းနှင့် ရုန်းကန်ကြိုးပမ်းမှုများသည် နှစ်နိုင်ငံအကြား စစ်မှန်သော ချစ်ကြည်ရင်းနှီးမှုကို အမွေအနှစ်အဖြစ် ကျန်ရစ်စေခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့အနေဖြင့် ဤသမိုင်းကြောင်းနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ပူးပေါင်းကာကွယ်စောင့်ရှောက်သွားရန် ကတိပြုထားကြပြီး၊ နှစ်နိုင်ငံ ပါတီများ၊ အစိုးရများနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အလားတူ မည်သည့် ရန်လိုသော အင်အားစုများကမျှ ၎င်းတို့၏ ရေရှည်ခိုင်မာသော ဆက်ဆံရေးကို ဖျက်ဆီးရန် သို့မဟုတ် သွေးခွဲရန် မစွမ်းဆောင်နိုင်စေရန် ဤပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ခိုင်မာအောင် အားဖြည့်သွားရမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များအကြား ရိုးရာချစ်ကြည်ရင်းနှီးမှု၊ ကောင်းမွန်သော အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကို နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန် အကျိုးစီးပွားအတွက် ပိုမိုခိုင်မာအားကောင်းစေရန်နှင့် ချဲ့ထွင်သွားရန် မိမိအနေဖြင့် ကတိပြုထားကြောင်းလည်း တီး ဆေဟာက ဆိုသည်။
နှစ်နိုင်ငံစလုံး၏ သာယာဝပြောရေးအတွက် အထောက်အကူဖြစ်စေရန်အတွက် ၎င်းတို့၏ နယ်စပ်ဒေသကို ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးဇုန် တစ်ခုအဖြစ် ပြောင်းလဲရန် ရည်မှန်းထားကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Khmer Times
