




MT News
၁၂. ၁၀. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်လေဆိပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
◾ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှု
ထို့နောက် လေဆိပ်အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဝင်းမင်းတို့က ထားဝယ်လေဆိပ် ဆိုင်ရာအချက်အလက်များ၊ ထားဝယ်လေဆိပ် အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ထားဝယ်လေဆိပ်နှင့် လေယာဉ် ပြေးလမ်းတို့အား ဘဏ္ဍာရေးနှစ်အလိုက် အဆင့်မြှင့်တင်တိုးချဲ့ တည်ဆောက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်အတူ ခရီးသည်နှင့်လေယာဉ် ဆိုက်ရောက်ပျံသန်းဝင်ထွက်မှုများ ပိုမိုများပြားလာနိုင်မည်ဖြစ်သဖြင့် ထားဝယ် လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်မှုအား ကြိုတင်ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်မှုရှိစေရေး၊ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင် ဆင်းသက်နိုင်ရေးနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် ရေဝပ်ဧရိယာများမရှိစေရေး ရေနုတ်မြောင်းများ စနစ်တကျ တွက်ချက်ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်းနှင့် လေယာဉ်ပြေးလမ်းဘယ် ညာ လမ်းပုခုံးမြေသားများစနစ်တကျဖော်ဆောင်ခြင်း၊ ပြေးလမ်းတစ်လျှောက် ပတ်ဝန်း ကျင်တွင် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်သွားရန်နှင့်အခြား လိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် လေယာဉ်ပြေးလမ်းအဆင့် မြှင့်တင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ လမ်းညွှန်မှာကြားသည်။





◾ ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်နှင့် ရွှေဝယ်သီရိ အားကစားကွင်းသို့ ရောက်ရှိလာ
ဆက်လက်၍ ထားဝယ်မြို့၊ ညောင်ရမ်း (တောင်) ရပ်ကွက်ရှိ ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်သို့ ရောက်ရှိကြပြီး စာကြည့်တိုက်အတွင်း စာဖတ်ခန်း၊ E-Library ၊ သုတစာအုပ်စင်နှင့် စာကြည့်တိုက် အတွင်း သုတ၊ ရသ စာအုပ်များ စနစ်တ ကျထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတက တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စာအုပ်စာပေများကို အများပြည်သူအသိဉာဏ်ပညာဗဟုသုတတိုးပွားလာစေရန်နှင့် အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေး စာကြည့်တိုက်လုပ်ငန်းများအား စနစ်တကျဖြင့် ဆောင်ရွက်သွားရန်၊ စာဖတ်သူများ ပိုမိုတိုးပွားလာစေရေး အားပေးစည်းရုံးဆောင် ရွက်သွားရန်၊ စာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်စာစောင်များ အမြဲမပြတ် ဖြည့်ဆည်းပေးသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ရွှေဝယ်သီရိပညာ့ဗိမာန်စာကြည့်တိုက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
ယင်းနောက် ရွှေဝယ်သီရိ အားကစားကွင်းသို့ရောက်ရှိကြပြီး ပွဲကြည့်စင်အသစ် တည်ဆောက်ရန်လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အားကစားကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပွဲကြည့်စင်အသစ်တည် ဆောက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် အားကစားကွင်းအား စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် အထူးတန်းအပါအဝင် ပွဲကြည့်စင်သစ်များ ထပ်မံတိုးချဲ့ဆောက် လုပ်ပေးနိုင်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ ထားဝယ်မြို့အတွင်းနှင့် ကမ်းနားလမ်း တစ်လျှောက် မြို့ပြဖွံ့ဖြိုးမှုနှင့် ကမ်းနားလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
◾ တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေးမှုပြတိုက်
ဆက်လက်၍ ဆန်းချီရပ်ကွက်၊ ကမ်းနားလမ်းရှိ တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သဘာဝအလှရှုခင်းများ ပြခန်း၊ ဆလုံတိုင်းရင်းသား ပြခန်း၊ ရိုးရာပွဲတော်များပြခန်း၊ ရိုးရာလက်မှုလုပ်ငန်းများ ပြခန်း၊ ကျောက်ခေတ်လူသား များနေထိုင်သည့်ဂူနှင့် ကျောက်ခေတ်သုံး လက်နက်များ၊ ရှေးဟောင်းယဉ်ကျေးမှု အနုပညာ လက်ရာများ၊ သမိုင်းဝင် အသုံးအဆောင်ပစ္စည်းများ၊ တနင်္သာရီဒေသ၏ သမိုင်းကြောင်းစဉ်လာနှင့် ရှေးဟောင်းမြို့တော်များ ပြခန်း၊ ရိုးရာစီး ပွားရေးလုပ်ငန်း များပြခန်း တို့ကို ပြခန်းတစ်ခုချင်းစီအလိုက် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတသည် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြတိုက်အတွင်းရှိ ရှေးဟောင်းပစ္စည်းများနှင့် သမိုင်းဝင်မှတ်တမ်းများ၊ အထောက်အထားများသည် ငွေကြေးနှင့် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်အမွေအနှစ်များဖြစ်သည့်အတွက် ရေရှည်တည်တံ့စေရန်နှင့် ပျက်စီးယိုယွင်းမှု မရှိစေရန် အထူး ဂရုပြု စောင့်ရှောက်ထိန်းသိမ်းသွားရန်လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိရှေးဟောင်းမြို့တော်များ၏ ပုံစံငယ်ပြသထားရှိမှုအား ခေတ်စနစ်နှင့် လျော်ညီစွာ ပြန် လည်ပြုလုပ်ပြသသွားရန်လိုကြောင်း၊ ရှေးဟောင်းပေစာ၊ ပုရပိုက်စာများမှ ဖော်ပြချက်များအား ရေရှည်မပျောက်ပျက်စေရေးနှင့် နောင်လာနောက်သားတို့ သိရှိနိုင်ရေး နည်းပညာအသုံးပြု၍ ပြန်လည်ကူးယူထိန်းသိမ်းခြင်း၊ ဖော်ပြချက်များ၏ အဓိပ္ပါယ်နှင့် သမိုင်းနောက်ခံများအား ရှေးဟောင်းသုတေသနဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ သုတေသနပြုလုပ်ဖော်ထုတ်ခြင်းတို့ဖြင့် မြန်မာ့ရိုးရာစာပေယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်သွားရန်လိုကြောင်း၊ ပြခန်းများအလိုက် ရှေးဟောင်းပစ္စည်းများ၊ စေတီပုထိုးများ၊ ဘုရားများတွင်လည်း လာရောက်ကြည့်ရှုလေ့လာသူများ လွယ်ကူရှင်း လင်းစွာသိရှိနိုင်ရေး အကြောင်းအရာများ၊ ခုနှစ်၊ သက္ကရာဇ်များ၊ သက်တမ်းများကို ဖော်ပြထားရန်လိုကြောင်း။ ပြတိုက်သို့ ရပ်နီးရပ်ဝေးမှ လာရောက်လေ့လာကြသူများအပြင် တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း လာရောက်လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပေး ခြင်းအားဖြင့် မိမိတို့နိုင်ငံနှင့်လူမျိုး၊ မိမိတို့ဒေသ၏ သမိုင်းကြောင်းအစဉ်အလာ၊ အမျိုးသားရေးလက္ခဏာ (National Identity)၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ဘာသာ သာသနာ၊ ယဉ်ကျေးမှုတို့၏ ကြီးမြတ်သည့် ရိုးရာတန်ဖိုးများနှင့် ဒေသထုတ်ကုန်များ အစရှိသဖြင့် မိမိဒေသရပ်ရွာအပေါ်ပိုမို နားလည်သဘောပေါက် သိရှိလာမည်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုး၊ ဒေသကို ချစ်မြတ်နိုးစိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စဉ်ဆက် မပြတ် ဆက်လက်လက်ဆင့်ကမ်းထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေမည် ဖြစ် ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
◾ ထားဝယ်မြို့၊ ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အဦ(Indoor Stadium)
ထို့နောက် ထားဝယ်မြို့၊ ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံ အဆောက်အဦ(Indoor Stadium) တည် ဆောက်မည့် မြေနေရာသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ တိုင်းဒေသကြီးဝန်ကြီးချုပ် က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများနှင့် ထားဝယ်မြို့၊ ကမ်းနားလမ်းအား အပိုင်းအလိုက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အဦ တည်ဆောက်ရာတွင် ရေရှည်အတွက် စနစ်တကျတွက်ချက်၍ ခေတ်နှင့်အညီအဆင့်အတန်းမီမီ တည်ဆောက်သွားရန်နှင့် သတ်မှတ်ကာလအတွင်းပြီးစီးဆောင် ဆောက်လုပ်သွားရန်လိုကြောင်း၊ ထားဝယ်မြို့ ကမ်းနားလမ်းအား (၂)လမ်းသွား မှ (၄)လမ်းသွားလမ်းမကြီး အဖြစ်ယာဉ်များ လမ်း ဘေးချရပ်နိုင်သည့် ယာဉ်ချရပ်များ ၊ ဆိုင်ကယ်စီးနင်းသွားလာနိုင်သည့် လမ်းများ အပါအဝင် တိုးချဲ့ဆောင်ရွက်သွားရန်နှင့် ထားဝယ်မြို့အတွင်းရှိ လမ်းများအား အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်ရာတွင် နောင်အနာဂတ်ကာလတွင် ဖြစ်ပေါ်လာ နိုင်သည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ပိုမိုများပြားလာနိုင်မှုအပေါ် မူတည်တွက်ချက်၍ လမ်းများကိုစနစ်တကျ တိုးချဲ့ဖောက်လုပ်သွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်နှင့် လူနေရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရေစီးရေလာများကောင်းမွန်နေစေရေး ရေနုတ်မြောင်းများ စနစ် တကျဖောက်လုပ်ထားရှိရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရေး အမြဲမပြတ်ဖယ်ရှား ရှင်းလင်းသွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက် လမ်းမီး တိုင်များစနစ်တကျတပ်ဆင်ထားရှိရန်နှင့် ရာသီဥတုဒဏ်ကိုခံနိုင်သည့် အရိပ်ရလေကာ ပင်များ စိုက်ပျိုးသွားရန်လိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
