သက်တံ့
၁၂. ၁၀. ၂၀၂၆
ဆူဒန်နိုင်ငံ မြောက်ပိုင်းတွင် စနေနေ့က လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် တိုင်းရင်းသား ရိုးရာ ရွှေတူးဖော်သူ (artisanal miners) အနည်းဆုံး ၇၂ ဦး သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Emergency Lawyers က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် လွန်ခဲ့သော လအနည်းငယ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို အီဂျစ် လေတပ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Emergency Lawyers အဖွဲ့က စွပ်စွဲထားသော်လည်း ရိုက်တာသတင်းဌာနအနေဖြင့် အဆိုပါစွပ်စွဲချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထို့အတူ အီဂျစ်စစ်တပ်က ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်း မရှိသေးသကဲ့သို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိပေ။
လူမှုကွန်ရက်နှင့် ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက မျှဝေထားသည့် ရိုက်တာက သီးခြားအတည်မပြုနိုင်သေးသော ဓာတ်ပုံများတွင် အပျက်အစီးများကြား၌ ပြန့်ကျဲနေသော ရုပ်အလောင်း ဒါဇင်ပေါင်းများစွာနှင့် အခေါင်းအတွင်း ထည့်သွင်းရန် အဝတ်ဖြူလွှမ်းထားသည့် ရုပ်အလောင်းများကို တွေ့ရှိရပြီး အဆိုပါဒေသ လေကြောင်းတိုက်ခိုက်ခံရပုံကို ရွှေတူးဖော်သူများက ပြောပြနေကြသည်။
ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း Emergency Lawyers အဖွဲ့က ပြောကြားခဲ့သည်။
ဆူဒန်နိုင်ငံတွင် ဖြစ်ပွားနေဆဲ ဖြစ်သော ပဋိပက္ခများကြောင့် အခြားသော ဝမ်းစာရှာဖွေရေး အခွင့်အလမ်းများ ပျက်စီးခဲ့ရပြီး ရွှေသည် စစ်ဖြစ်ပွားနေသည့် လက်နက်ကိုင် နှစ်ဖက်စလုံးအတွက် အဓိက ဝင်ငွေရရှိရာ နည်းလမ်းဖြစ်လာခဲ့ရာမှ ဆူဒန်မြောက်ပိုင်းသို့ တိုင်းရင်းသား ရိုးရာ ရွှေတူးဖော်သူများနှင့် ယာယီရွှေတွင်းများ အမြောက်အမြား ရောက်ရှိလာခဲ့ကြသည်။ အဆိုပါ ရွှေ အများအပြားမှာ အီဂျစ်နိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းခံနေရကြောင်း ကျွမ်းကျင်သူများနှင့် အဆိုပါကဏ္ဍတွင် လုပ်ကိုင်နေသူများက ပြောဆိုကြသည်။
ဆူဒန်စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ဖြစ်သော Rapid Support Forces (RSF) တို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ဒရုန်းဖြင့် တိုက်ခိုက်ခြင်းသည် အဓိက စစ်ဆင်ရေးနည်းလမ်း ဖြစ်လာသည်နှင့်အမျှ လူအများအပြား သေဆုံးဒဏ်ရာရသည့် ဖြစ်စဉ်များ ပိုမိုများပြားလာခဲ့သည်။
သောကြာနေ့ကလည်း စစ်ပွဲ၏ ရှေ့တန်းစစ်မျက်နှာပြင် ဖြစ်သည့် ဆူဒန်နိုင်ငံ Blue Nile ပြည်နယ်ရှိ စစ်တပ်ထိန်းချုပ်ထားသော စစ်ဘေးဒုက္ခသည်စခန်းတစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူ ၃၁ ဦးခန့် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။
Ref: Reuters
