သက်တံ့
၁၂. ၁၀. ၂၀၂၆
တုန်လှုပ်ဖွယ်ရာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွင် ကျူးလွန်သူမှာ အဘိုးဖြစ်သူဖြစ်ပြီး ၎င်းသည် မွေးဖွားရန် ရက်ပိုင်းမျှသာ လိုတော့သည့် သမီးဖြစ်သူနှင့် မြေးငယ်များ အပါအဝင် လူ ၉ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထိတ်လန့်တုန်လှုပ်နေကြသည့် ဆွေမျိုးများက ပြောကြားခဲ့သည်။
အသက် ၄၅ နှစ်အရွယ်သာရှိသေးသည့် သံသယရှိသူ (အမည်ကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါ) အား လွန်ခဲ့သည့် သီတင်းပတ်က အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ မိသားစုနေအိမ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် ပြန်လည်အဆုံးစီရင်ထားသည့် အလောင်းကို တွေ့ရှိခဲ့ရသည်။ လူသတ်မှုတွင် အသုံးပြုခဲ့သည့် လက်နက်ကိုလည်း ၎င်း၏ ဘေးတွင် တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒေသတွင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
NY Post သတင်း၏ ဖော်ပြချက်အရ ၎င်းသည် အိမ်အတွင်း၌ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ပြီးနောက် အိမ်ပြင်သို့ ထွက်ကာ အခင်းဖြစ်ပွားရာသို့ အပြေးအလွှား ရောက်ရှိလာသည့် အသက် ၅၁ နှစ်နှင့် ၃၇ နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့ပြီးမှ အိမ်ထဲသို့ ပြန်ဝင်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများထဲတွင် လူသတ်သမား၏ ကိုယ်ဝန်ဆောင် သမီးဖြစ်သူ အိန်ဂျလီနာ စတုန်း (Angelina Stone) လည်း ပါဝင်ပြီး ၎င်းသည် တတိယမြောက် ကလေးငယ် (ခရီး – Kyrie) ကို မွေးဖွားရန် ရက်ပိုင်းမျှသာ လိုတော့သူ ဖြစ်သည်။ မမွေးဖွားရသေးသည့် သန္ဓေသားလေးကိုပါ သေဆုံးသူစာရင်းတွင် ထည့်သွင်းတွက်ချက်ခဲ့သဖြင့် အဘိုးဖြစ်သူ၏ လက်ချက်ဖြင့် သေဆုံးသူ စာရင်းမှာ ၉ ဦးအထိ ရှိလာခဲ့သည်။
အိန်ဂျလီနာ စတုန်း၏ အခြားသော ကလေးနှစ်ဦးဖြစ်သည့် အသက် ၅ နှစ်အရွယ် သားဖြစ်သူ အိုက်ဆီယာ (Isiah) နှင့် ၁ နှစ်အရွယ် သမီးဖြစ်သူ အာမာရီ အန်နာ (Amari’anna) တို့လည်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ လူသတ်သမားသည် မွေးဖွားလုနီးကလေးငယ်အပါအဝင် စုစုပေါင်း မိသားစုဝင် ၈ ဦးနှင့် အိန်ဂျလီနာ စတုန်း၏ အမျိုးသမီး သူငယ်ချင်းတစ်ဦးတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
“အိန်ဂျလီနာရဲ့ အဖေက အိန်ဂျလီနာနဲ့ သူ့ရဲ့ ကလေးတွေကို သတ်ပစ်ခဲ့ပြီး မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်သွားခဲ့ပါတယ်။ အခုတော့ တို့မိသားစုဟာ သူတို့ကို သင်္ဂြိုဟ်ဖို့အတွက် နာကျင်စရာကောင်းတဲ့ ကိစ္စကို ရင်ဆိုင်နေကြရပါတယ်” ဟု တနင်္ဂနွေနေ့အထိ GoFundMe အွန်လိုင်းမှ ရန်ပုံငွေ ကောက်ခံမှုတွင် ရေးသားထားပြီး အလှူငွေမှာမူ ဒေါ်လာ ၃၄,၃၀၀ နီးပါး ရရှိထားပြီး ဖြစ်သည်။ အဆိုပါ ရန်ပုံငွေကောက်ခံသည့် စာမျက်နှာတွင် လူသတ်သမားဖြစ်သူ၏ အမည်ကို ဖော်ပြထားခြင်း မရှိသကဲ့သို့ အာဏာပိုင်များကလည်း အမည်နာမကို ထုတ်ပြန်ခြင်း မရှိသေးပေ။
သေဆုံးသူများအနက် တစ်ဦးမှလွဲ၍ ကျန်သူများမှာ ဆွေမျိုးတော်စပ်သူများ ဖြစ်ကြသည်။ သတ်ဖြတ်ခံခဲ့ရသည့် ကလေးငယ်တစ်ဦး၏ အဖေဖြစ်သူ အဇီကျဲလ် (Ezekiel) က Erie News Now သတင်းသို့ ပြောကြားရာတွင် လူသတ်သမားမှာ ၎င်း၏ လက်တွဲဖော်ဟောင်း၏ အဖေဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“သူက ကျွန်တော့်ရဲ့ ကလေးလေးပါ ဗျာ၊ သူ့ကို အဘိုးဖြစ်သူက အခုလို လုပ်ဆောင်သွားခဲ့တာပါ” ဟု အဇီကျဲလ် က ပြောသည်။ “သူမရဲ့ အမည်က အာမာရီ အန်နာ ပါ၊ ဘုရားသခင် ဖန်ဆင်းပေးခဲ့သမျှထဲမှာ အလှဆုံး ကလေးလေးပါ” ဟု ဆိုသည်။

အိန်ဂျလီနာ စတုန်းသည် မမွေးဖွားရသေးသည့် သန္ဓေသားလေးအား “ခရီး (Kyrie)” ဟု အမည်ပေးထားပြီးဖြစ်ကာ ဒီသီတင်းပတ်အတွင်း မွေးဖွားရန် ရက်ချိန်းရရှိထားသူ ဖြစ်သည်။
“သူမက ကိုယ်ဝန်ဆောင်ထားရတာပါ၊ နောက်နှစ်ရက်လောက်ဆို ကလေးမွေးတော့မှာဖြစ်သလို ၂ နှစ်နီးပါးရှိပြီဖြစ်တဲ့ သမီးလေးတစ်ယောက်နဲ့ ၄ နှစ် ဒါမှမဟုတ် ၅ နှစ်လောက်ရှိပြီဖြစ်တဲ့ သားလေး အိုက်ဆီယာလည်း ရှိပါတယ်။ သူတို့တွေဟာ သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးတွေဖြစ်ပြီး ခုလိုဖြစ်ရပ်မျိုးနဲ့ လုံးဝ မထိုက်တန်ပါဘူး” ဟု အဇီကျဲလ် ၏ ညီမ ဖြစ်သူ လီဆာ ဆင်းမားစ် (Lisa Simmers) က ပြောကြားခဲ့သည်။
ဧရီ (Erie) မြို့ ရဲတပ်ဖွဲ့အနေဖြင့် လူသတ်မှု ကျူးလွန်ရသည့် အကြောင်းရင်းကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးသလို ကျန်ရစ်သူ မိသားစုဝင်များကို အကြောင်းကြားနေဆဲဖြစ်သဖြင့် သေဆုံးသူများ၏ အမည်စာရင်းကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
အခြား ရန်ပုံငွေကောက်ခံသည့် ဝက်ဘ်ဆိုက်တစ်ခုတွင်လည်း သတ်ဖြတ်ခံရသူများထဲတွင် ပါဝင်သည့် လိုရာ ရောဘတ်စ် (Lora Roberts) အတွက် ရန်ပုံငွေ ထူထောင်ထားသည်။ လိုရာ ရောဘတ်စ် အား “ကလေး ၅ ဦး၏ ချစ်ခင်ရပါသော မိခင်၊ သစ္စာရှိသော စေ့စပ်ထားသူ၊ ချစ်ခင်ရပါသော သမီး၊ မိသားစုဝင်နှင့် ချစ်ခင်သူအများအပြား၏ သူငယ်ချင်း” အဖြစ် စီစဉ်သူများက ဂုဏ်ပြုဖော်ပြထားကြသည်။
အိမ်အတွင်း၌ သေနတ်သံများ ထွက်ပေါ်လာပြီးနောက် အကူအညီတောင်းခံနေသည့် အမျိုးသမီးနှစ်ဦးသည် အိမ်တံခါးကို ပြင်းထန်စွာ ခေါက်ခဲ့ကြကြောင်း ဗီဒီယိုနှင့် အသံမှတ်တမ်း အထောက်အထားများအရ သိရှိရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အသက် ၄၅ နှစ်အရွယ် မိသားစုအကြီးအကဲဖြစ်သူ အဘိုးသည် အိမ်ပြင်သို့ ထွက်လာပြီး ၎င်းတို့နှစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်တွင် အပြင်ဘက်၌ အသက် ၃၇ နှစ်နှင့် ၅၁ နှစ်အရွယ် အမျိုးသမီးနှစ်ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရသည်။ ဒရုန်းနှင့် ရိုဘော့တို့ကို အသုံးပြု၍ အခြေအနေကို စောင့်ကြည့်စစ်ဆေးပြီးနောက် အိမ်အတွင်းသို့ ဝင်ရောက်ရာ ပထမထပ်တွင် အသက် ၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် ၁ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့၏ အလောင်းများကို တွေ့ရှိခဲ့ရသည်။ လှေကားထစ်များတွင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့၏ အလောင်းများကို တွေ့ရှိခဲ့ရပြီး ဒုတိယထပ်တွင် လူသတ်သမား၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
“ဒါဟာ သိပ်ကို ထိတ်လန့်စရာကောင်းပါတယ်။ ကျွန်တော်ကြုံတွေ့ခဲ့ရသမျှ အဆိုးရွားဆုံး အခင်းဖြစ်ပွားရာနေရာပါပဲ” ဟု Erie မြို့ ရဲတပ်ဖွဲ့မှူး ဂျိမ်းစ် လိုရား (Rick Lorah) က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စနေနေ့ညက အဆိုပါ အိမ်ရှေ့တွင် ဖယောင်းတိုင်မီးထွန်းပွဲ ပြုလုပ်ခဲ့ပြီး ဒေသခံများက ဖယောင်းတိုင်များ ထွန်းညှိခြင်းနှင့် အရုပ်များကို လာရောက်ထားရှိခြင်းတို့ဖြင့် ဝမ်းနည်းကြောင်း ပြသခဲ့ကြသည်။

“ကျွန်တော့်သားက ပထမဆုံး သေနတ်သံ ထွက်လာတာကို ကြားလိုက်ရတယ်၊ အဲဒီနောက် အော်ဟစ်သံတွေ ကြားရပြီး နောက်ထပ် သေနတ်သံ သုံးချက် ထပ်ကြားရတာပါ။ ဒါဟာ ကျွန်တော်တို့အတွက် တကယ့်ကို ထိတ်လန့်စရာ ကြုံတွေ့မှုပါပဲ” ဟု အိမ်နီးချင်း ကန်ဒစ် ဒေလန်းဂျ် (Candice Delange) က WTAE-TV သို့ ပြောကြားခဲ့သည်။
မိသားစုဝင်တစ်ဦးဖြစ်သူ လီဆာ ဆင်းမားစ် က “ကျွန်တော်တို့ ဒီမှာ ရှိနေခဲ့တာပါ။ သေနတ်သံတွေကို ကြားခဲ့ရတယ်။ အရာအားလုံး ဖြစ်ပျက်သွားတာကို အဆင့်ဆင့် ကြားနေရတာပါ။ ဒါပေမဲ့ အိမ်ထဲကို ပြေးဝင်ပြီး ကလေးတွေကို မကူညီနိုင်ခဲ့ဘူး” ဟု ဆိုသလို “အိမ်ပြန်ရောက်လို့ ကိုယ့်ကလေးတွေကို မင်းတို့ရဲ့ အမေ၊ မင်းတို့ရဲ့ မောင်နှမတွေ၊ ဦးလေးတွေနဲ့ အားလုံးကို မင်းတို့ရဲ့ အဘိုးက သတ်ပစ်လိုက်ပြီလို့ ဘယ်လိုလုပ် ပြောပြရတော့မှာလဲ” ဟု သူမက ဆိုသည်။
ပင်ဆယ်ဗေးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ရှ် ရှာပီရို (Josh Shapiro) ကလည်း စနေနေ့ မဲဆွယ်စည်းရုံးပွဲ တစ်ခုတွင် ယခု အစုလိုက်အပြုံလိုက် ပစ်ခတ်မှုနှင့် ဖီလာဒဲလ်ဖီးယား ရဲအရာရှိနှစ်ဦး ချုံခိုတိုက်ခိုက်ခံရမှုတို့နှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ “ဒီနေ့ဟာ ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံးအတွက် မှောင်မိုက်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်” ဟု ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ပုံစာ – အဘိုးဖြစ်သူ၏ သတ်ဖြတ်ခြင်းခံရသူများ မကွယ်လွန်မီ ပုံရိပ်။
Ref: NY Post
