၁၂.၁၀.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့အကြား ရုရှားက အမေရိကန်နဲ့ ကမ္ဘာ့ဈေးကွက်ကို ဒီဇယ်ဆီ ပံ့ပိုးပေးရေး သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ကြတယ်လို့ သမ္မတ ထရမ့်ပ်က အောက်တိုဘာလ ၈ ရက်က ကြေညာပြီးနောက် ဆက်လက်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေက စစ်ပွဲကာလအတွင်း အမေရိကန်ရဲ့လက်နက်ထောက်ပံ့မှု လိုသလိုမရရှိတာကြောင့် အေးစက်နေတဲ့ အမေရိကန်-ယူကရိန်း ဆက်ဆံရေးကို အဆိုးဘက်ကို ပိုလို့ ဦးတည်စေခဲ့ပါတယ်။
ဒီ သဘောတူညီချက်အရ ရုရှားက ပထမအဆင့်အနေနဲ့ အမေရိကန်နဲ့ ကမ္ဘာ့ဈေးကွက်ကို ဒီဇယ်ဆီ တန်ချိန် ၃၀၀,၀၀၀ ကျော်ကို ချက်ချင်းပေးပို့မှာဖြစ်ပြီး၊ နိုဝင်ဘာလမှာ တန်ချိန် ၅၀၀,၀၀၀၊ နောက်ပိုင်းမှာ တန်ချိန် တစ်သန်းနဲ့ နောက်ထပ် တန်ချိန်သုံးသန်းခန့် အသီးသီး ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဌာနကလည်း ရုရှားဒီဇယ်ဆီတင်သွင်းမှုအပေါ် ပိတ်ဆို့မှုတွေကို ဧပြီလ ၇ ရက်အထိ ယာယီကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးတဲ့နောက် ယူကရိန်းဘက်ကို ထောက်ခံရပ်တည်ခဲ့ပြီး ရုရှားနိုင်ငံကို ပိတ်ဆို့မှုတွေ ပြုလုပ်ထားခဲ့တဲ့ အမေရိကန်အစိုးရက အခုလို သဘောထားပြောင်းလဲမှုတွေ ဘာလို့ပြုလုပ်လာတာလဲ။ရုတ်တရက်တော့ ထူးဆန်းသလိုရှိပေမယ့် လာမယ့် နိုဝင်ဘာလ ကွန်ဂရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ပြည်တွင်းမှာ ထောက်ခံမှုတွေရဖို့ ကြိုးစားနေတဲ့ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်အဖို့ မြင့်တက်နေတဲ့ စက်သုံးဆီဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာပဲဆိုတာ သိသာပါတယ်။
ဖေဖော်ဝါရီလမှာ အီရန်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ကမ္ဘာ့ဒီဇယ်ဆီဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနေတာက အမေရိကန်ကွန်ဂရက်ကြားဖြတ်ရွေးကောက်ပွဲတွေမတိုင်မီ ထရမ့်ပ်ရဲ့ ရီပတ်ဘလစ်ကန်ပါတီအတွက် နိုင်ငံရေးအရ အခက်အခဲဖြစ်စေတဲ့ ကိစ္စရပ်တစ်ခု ဖြစ်နေခဲ့တာပါ။
ဒါပေမယ့် ထရမ့်ပ်ရဲ့ဒီလုပ်ဆောင်ချက်နဲ့အတူ အကျိုးဆက်တွေက ဆက်လက်ဖြစ်ပေါ်လာခဲ့ပါတယ်။
ယူကရိန်း သမ္မတ ဇယ်လန်စကီး ကတော့ သမ္မတ ထရမ့်ပ်ရဲ့ ဒီလုပ်ဆောင်ချက်ဟာ ရုရှားနိုင်ငံကို စစ်ပွဲအတွက် ငွေကြေးထောက်ပံ့ပေးရာ ရောက်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
ဇယ်လန်စကီးက “ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇယ်တင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးလိုက်တော့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရုရှားက ဇာပိုရစ်ဇီယားမြို့က လူနေအဆောက်အအုံတွေပေါ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့တာပေါ့” လို့ သရော်တော်တော် ပြောကြားခဲ့ပါတယ်။
စစ်ပွဲကိုအဆုံးသတ်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေခိုက် ထရမ့်ပ်က အခုလို ဒီဇယ်ဆီဆိုင်ရာ သဘောတူညီချက်ကို ကြေညာခဲ့တဲ့လုပ်ရပ်အပေါ် ယူကရိန်းအစိုးရအနေနဲ့ မျှော်လင့်မထားခဲ့ဘူးလို့လည်း ဇယ်လန်စကီးက ပြောကြားခဲ့ပြန်ပါတယ်။

ဇယ်လန်စကီးရဲ့ ပြင်းထန်တဲ့ ဝေဖန်ကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် ကလည်းနောက်တစ်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၀ ရက်မှာ ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇယ်လန်စကီးကို အစားထိုးလဲလှယ်ဖို့ တိုက်တွန်းပြောကြားခဲ့ပြီး ရုရှားရဲ့ ရေနံဆိုင်ရာ အခြေခံအဆောက်အအုံတွေ ယူကရိန်းက တိုက်ခိုက်မှုတွေအပေါ် ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့ပါတယ်။
ထရမ့်ပ်က ဇယ်လန်စကီးနေရာမှာ ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရယူနိုင်မယ့် ခေါင်းဆောင်သစ် တစ်ဦးနဲ့ အစားထိုးဖို့အထိ လူသိရှင်ကြား တောင်းဆိုခဲ့တာပါ။
ထရမ့်ပ်က “ယူကရိန်းအနေနဲ့ သမ္မတသစ်တစ်ယောက် တင်မြှောက်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်” လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပြီး ဇယ်လန်စကီးဟာ ရုရှားနဲ့ စစ်ပွဲအဆုံးသတ်ဖို့ရရှိတဲ့ အခွင့်အရေးတွေကို ငြင်းပယ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ယူကရိန်းက ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေလို့ ကမ္ဘာ့ဒီဇယ်ဆီ ပြတ်လပ်မှုနဲ့ အမေရိကန်မှာ လောင်စာဆီဈေးနှုန်း မြင့်တက်မှုကို ဖြစ်စေတယ်လို့ ထရမ့်ပ်က ဇယ်လန်စကီးကို အပြစ်တင်ခဲ့ပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာ ကတော့ ဇယ်လန်စကီးဟာ ယူကရိန်းပြည်သူတွေရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားပြီး ခေါင်းဆောင်မှုကို ယူကရိန်းပြည်သူတွေသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ X လူမှုကွန်ရက်မှာ ကာကွယ်ပြောဆိုထားပါတယ်။
ဒါ့ပြင် ထရမ့်ပ်ရဲ့ဒီဇယ်ဆီဆိုင်ရာ သဘောတူညီချက်ကို အမေရိကန် လွှတ်တော်အမတ်တချို့က ဝေဖန်ခဲ့ကြပြီး၊ သူတို့အထဲမှာ ထရမ့်ပ်ရဲ့ ပါတီဝင် ရီပတ်ဘလစ်ကန်အမတ် ဒွန်ဘာကွန်လည်း ပါဝင်ပါတယ်။ လွှတ်တော်က မကြာသေးမီက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းမယ့်အစား ပိုမိုတင်းကျပ်စွာ ချမှတ်ဆောင်ရွက်သင့်တဲ့အချိန် ဖြစ်တယ်လို့ ဘာကွန်က ပြောကြားခဲ့ပါတယ်။
ဒီမှာ အမေရိကန်ပြည်ထောင်စုရဲ့ အရင်းနှီးဆုံး မဟာမိတ့်ဖြစ်တဲ့ ယူကေနိုင်ငံ ဝန်ကြီးချုပ် အန်ဒီ ဘမ်ဟမ်က ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ အောက်တိုဘာလ ၁၀ ရက် စကားပြောဆိုခဲ့ပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဗြိတိန်က ပိုမိုတင်းကျပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာအမေရိကန် ညှိနှိုင်းရေးမှူးတွေဖြစ်ကြတဲ့ စတိဗ် ဝစ်အော့ဖ်နဲ့ ဂျား ကူရှ်နာ တို့ကတော့ လာမယ့် ရက်ပိုင်းအတွင်း မော်စကိုမြို့သို့ သွားရောက်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒီမှာ ပြောရရင် အပြောင်းအလဲတွေ မြန်ဆန်လွန်းတဲ့ ကမ္ဘာ့အခြေအနေက ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ထားဦး…လက်ရှိအနောက်အုပ်စုနဲ့ မဟာမိတ်တွေအတွင်းမှာကို စိတ်သဘောထား မတိုက်ဆိုင်မှုတွေနဲ့ အကွဲအပြဲတွေ ထပ်ဖြစ်ဖို့ကိုပဲ ဦးတည်နေပြန်ပါတယ်လို့ ဆိုရမှာပါ။
Ref- Reuters, WSJ
