






သက်တံ့
၁၂. ၁၀. ၂၀၂၆
သက်ကြီးပိုင်းအမျိုးသားတစ်ဦး Heat Stroke ဖြစ်ကာ မူးလဲရာမှ အသက်ဆုံးပါးသွားမှု ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်တွင် ယနေ့ မွန်းမတည့်မီက ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ( Auxiliary Fire Force of K.T.D.A ) မှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်အချိန်က ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး Heat Stroke ဖြစ်၍ မူးလဲနေကြောင်း သတင်းရရှိသဖြင့် ထွက်ခွာကူညီခဲ့သည်ဟု ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဥ်နေရာသို့ နေ့လယ် ၁၁ နာရီ ၂၈ မိနစ်အချိန် ရောက်ရှိခဲ့သော်လည်း လူနာအမျိုးသားသည် အသက်မရှိတော့သောကြောင့် မိသားစု၀င်များထံသို့ဆက်သွယ်အကြောင်းကြားကာ လူနာ၏ DeadBody အား ရန်ကုန်ဆေးရုံကြိီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အပူလွန်ဝေဒနာကြောင့် ကွယ်လွန်သူမှာ အသက် ၆၀ ကျော် အရွယ်ဖြစ်ပြီး တောင်ဒဂုံတွင် နေထိုင်သူဖြစ်ကာ ခရီးသည်အော်ဒါရ၍ နံနက်ပိုင်းအချိန် လိုက်ပါပို့ဆောင်စဥ် ရုတ်တရက် ကွယ်လွန်ရခြင်းဟုလည်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) တို့၏ နောက်ဆုံးထုတ်ပြန်ချက်များအရ ယခု ၂၀၂၆ ခုနှစ် အောက်တိုဘာလမှစ၍ အားအလွန်ကောင်းသော အယ်လ်နီညို (El Niño) ဖြစ်စဉ်သည် လက်ရှိတွင် စတင်ဖြစ်ပွားနေပြီး လာမည့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ အယ်လ်နီညို ဖြစ်ပွားနေချိန်တွင် ပြင်းထန်သော အပူချိန်မြင့်တက်ခြင်းနှင့် ရာသီဥတုအစွန်းရောက်မှုများ ဖြစ်ပွားတတ်သလို ခန္ဓာကိုယ်အပူချိန် အလွန်အမင်းမြင့်တက်လာသည့် Heat Stroke ဖြစ်ပွားတတ်သဖြင့် အသက်ကြီးသူများ၊ ကလေးငယ်များ၊ နာတာရှည်ရောဂါ ရှိသူများနှင့် အပြင်ထွက် အလုပ်လုပ်ကိုင်ရသူများတွင် အပူဒဏ်ကြောင့် ထိခိုက်နိုင်ခြေ ပိုမိုမြင့်မားသဖြင့် အထူးဂရုပြု နေထိုင်ရန် လိုအပ်ကြောင်းလည်း သိရသည်။
