သက်တံ့
၁၂. ၁၀. ၂၀၂၆
မြောက်ကိုရီးယားသည် ၎င်း၏ အရှေ့ဘက် ပင်လယ်ပြင်သို့ ပဲ့ထိန်းဒုံးကျည် (Ballistis missiles) အစင်းပေါင်းများစွာကို တနင်္လာနေ့က ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့သည်။ ယခုကဲ့သို့ လက်နက်စမ်းသပ်မှု အစဉ်လိုက် ပြုလုပ်ခြင်းသည် သံတမန်ရေးရာ အေးစက်ရပ်တန့်နေချိန်အတွင်း တင်းမာမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။
မြောက်ကိုရီးယား၏ မြို့တော် ပြုံယမ်းအနီးတစ်ဝိုက်မှ အမျိုးအစားစုံလင်သော ဒုံးကျည်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JSC) ၏ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဒိုယောင်း (Jang Do-young) က ပြောကြားခဲ့သည်။ အဆိုပါ မြို့တော်အနီးရှိ ပင်မလေဆိပ်သည် မကြာသေးသည့်နှစ်များအတွင်း အဓိက ဒုံးကျည်စမ်းသပ်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။
ဒုံးကျည်တစ်စင်းသည် ကီလိုမီတာ ၉၀၀ (မိုင် ၅၅၉) ကျော် ပျံသန်းသွားခဲ့ပြီး ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့ကြောင်း ဂျန်က ပြောကြားခဲ့သော်လည်း အခြားလက်နက်များ၏ ပျံသန်းမှု အသေးစိတ်အချက်အလက်များကိုမူ မှတ်ချက်မပေးခဲ့ပေ။ ထို့အတူ ပူးတွဲစစ်ဦးစီးချုပ်ရုံးက မည်သည့်ဒုံးကျည် အရေအတွက်ကို တွေ့ရှိခဲ့သည်ကို တိတိကျကျ ဖော်ပြခဲ့ခြင်း မရှိပါ။
ဂျပန်ဒုတိယကာကွယ်ရေးဝန်ကြီး တာကာရှီ ကိုယာရီ (Takashi Koyari) ကမူ မိနစ် ၁၇ မိနစ်ခြားကာ လွှတ်တင်ခဲ့သည့် ဒုံးကျည် အနည်းဆုံး နှစ်စင်းကို ဂျပန်ဘက်က ထောက်လှမ်းမိခဲ့ပြီး ၎င်းတို့သည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (EEZ) အပြင်ဘက် ပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပထမဒုံးကျည်သည် ကီလိုမီတာ ၂၂၀ (မိုင် ၁၃၇) ခန့်နှင့် ဒုတိယဒုံးကျည်မှာ ကီလိုမီတာ ၉၁၀ (မိုင် ၅၆၅) ကျော် ပျံသန်းခဲ့ကာ ဂျပန်အရာရှိများက ရေဒီယိုလှိုင်းလွန် သို့မဟုတ် အသံထက်မြန်သော လက်နက်များ (Hypersonic weapons) ကို ဖော်ပြရာတွင် အသုံးပြုလေ့ရှိသည့် “ပုံမှန်မဟုတ်သော” ပျံသန်းမှုလမ်းကြောင်းအတိုင်း ရွေ့လျားခဲ့ကြောင်း ကိုယာရီက ဆိုသည်။ လေယာဉ်များ သို့မဟုတ် ရေယာဉ်များ ထိခိုက်ပျက်စီးကြောင်း သတင်းပို့ချက် တစ်စုံတစ်ရာ မရှိသေးပေ။

ဆိုးလ်အစိုးရအပေါ် တင်းမာသော ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲထားစဉ်မှာပင် မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယား၏ ဒုံးကျည်ကာကွယ်ရေး စနစ်များကို ရှောင်ရှားနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အလယ်အလတ်အကွာအဝေး ပျံသန်းနိုင်သော အသံထက်မြန်သည့် ဒုံးကျည်တစ်စင်းကို အောက်တိုဘာ ၃ ရက်က စမ်းသပ်ခဲ့သည်အပါအဝင် နျူကလီးယား သယ်ဆောင်နိုင်သော လက်နက်စနစ်များကို တိုးချဲ့ရန်အတွက် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက် ရှိသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နှစ်ရှည်လများ ရပ်တန့်နေသည့် သံတမန်ရေးရာ ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ကမ်းလှမ်းချက်များကို ပယ်ချလျက်ရှိပြီး ၎င်း၏ နျူကလီးယားလက်နက် အစီအစဉ်ကို ဆက်လက်ကြွားဝါပြသနေသည့် အနေဖြင့် အခြားသော ဒုံးကျည်စမ်းသပ်မှုများ၊ တိုက်ရိုက်ကျည်ဆန်ဖြင့် ပစ်ခတ်လေ့ကျင့်မှုများနှင့် စစ်သင်္ဘောအသစ်များကိုပါ တပ်တော်ဝင် လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ နောက်ဆုံးပေါ် ဒုံးကျည်လွှတ်တင်မှုသည် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် (Lee Jae Myung) က နိုင်ငံအတွင်း ကိုယ်တိုင်ထုတ်လုပ်ထားပြီး အသံထက်အနည်းဆုံး ငါးဆ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ကာ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ရှောင်တိမ်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ၎င်းတို့၏ ကိုယ်ပိုင် အသံထက်မြန်သော ဒုံးကျည်ကို သောကြာနေ့က စမ်းသပ်ပျံသန်းပြီး ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယား၏ ကြီးထွားလာသော ခြိမ်းခြောက်မှုကို တိုက်ရိုက်မပြောဆိုဘဲ သမ္မတလီ၏ ရုံးက အဆိုပါ အသံထက်မြန်သော တောင်ကိုရီးယားဒုံးကျည်သည် အပြည့်အဝ ဖွံ့ဖြိုးတိုးတက်လာပါက “ကိုရီးယားကျွန်းဆွယ် စစ်ဆင်ရေးနယ်မြေ” အတွင်း အဓိကပစ်မှတ်များကို အံ့အားသင့်ဖွယ် တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ဆိုသည်။
မြောက်ကိုရီးယား၏ နောက်ဆုံးပေါ် ဒုံးကျည်လွှတ်တင်မှုများသည် နိုင်ငံ၏ ဒုံးကျည်နည်းပညာများကို တိုးတက်စေရန် ရည်ရွယ်သကဲ့သို့ တောင်ကိုရီးယား၏ အသံထက်မြန်သော ဒုံးကျည်စမ်းသပ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့်လည်း ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား စစ်ဘက်အရာရှိ ဂျန်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား သမ္မတရုံး၏ အမျိုးသားလုံခြုံရေးရုံးက မြောက်ကိုရီးယားအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေပြီး “ကိုရီးယားကျွန်းဆွယ်၏ လက်ရှိအခြေအနေကို စီမံခန့်ခွဲရာတွင် အထောက်အကူမပြုသည့်” ၎င်း၏ ထပ်တလဲလဲ ပဲ့ထိန်းဒုံးကျည် လွှတ်တင်မှုများကို “ချက်ချင်း ရပ်တန့်ရန်” တောင်းဆိုခဲ့သည်။ ဂျပန်နိုင်ငံကလည်း ဘေဂျင်းမြို့ရှိ ၎င်းတို့၏ သံရုံးများမှတစ်ဆင့် မြောက်ကိုရီးယားထံ ကန့်ကွက်ကြောင်း ပေးပို့ခဲ့သည်ဟု ကိုယာရီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက လက်နက်အများအပြားတပ်ဆင်ထားသော နှစ်နိုင်ငံနယ်စပ်အနီးတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သားသုံးဦး ဒဏ်ရာရရှိခဲ့ပြီးနောက် တင်းမာမှုများ ပိုမိုဆိုးရွားလာခဲ့သည်။ တောင်ကိုရီးယားစစ်တပ်နှင့် အမေရိကန်ဦးဆောင်သော ကုလသမဂ္ဂကွပ်ကဲရေးအဖွဲ့တို့က အဆိုပါ ပေါက်ကွဲမှုများသည် မြောက်ကိုရီးယား မြှုပ်နှံထားသော ပစ္စည်းများကြောင့် ဖြစ်ပွားခဲ့ကြောင်း ကောက်ချက်ချခဲ့သော်လည်း မြောက်ကိုရီးယားကမူ တာဝန်ရှိကြောင်း ငြင်းဆိုခဲ့ပြီး တောင်းပန်ရန် တောင်ကိုရီးယား၏ တောင်းဆိုမှုကို လှောင်ပြောင်ခဲ့သည်။
ကင်ဂျုံအန်သည် မကြာသေးသည့်နှစ်များအတွင်း တောင်ကိုရီးယားနှင့် သံတမန်ရေးရာနှင့် ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရပ်တန့်ခဲ့ပြီး ဝါရှင်တန်နှင့် ကျယ်ပြန့်သော နျူကလီးယား ဆွေးနွေးမှုများ အေးစက်နေချိန်အတွင်း ၎င်း၏ အိမ်နီးချင်းကို အမြဲတမ်းရန်သူအဖြစ် ဖော်ပြခဲ့သည်။ ၎င်း၏ အစိုးရအနေဖြင့် ဝါရှင်တန်သည် ပြုံယမ်းအပေါ်ထားရှိသည့် “ရန်လိုသော” မူဝါဒကို စွန့်လွှတ်ရန်နှင့် ဆွေးနွေးပွဲများအတွက် အကြိုတောင်းဆိုမှု (Precondition) အဖြစ် မြောက်ကိုရီးယား၏ နျူကလီးယားကင်းစင်ရေး တောင်းဆိုချက်များကို ဖယ်ရှားပေးရန် တောင်းဆိုထားပြီး ၂၀၁၉ ခုနှစ်တွင် ပျက်ပြားသွားခဲ့သည့် သံတမန်ရေးရာကို ပြန်လည်အသက်သွင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ ဖိတ်ခေါ်မှုကို ယခုအချိန်အထိ ငြင်းပယ်ထားဆဲ ဖြစ်သည်။
Ref: AP
