
၁၂.၁၀.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇမ္ဗူသိင်္ဂီလမ်းရှိ ငါးထပ်တိုက်တစ်လုံးတွင် အမျိုးသားတစ်ဦး ရေစုပ်ပန့် ပလပ်မဖြုတ်ဘဲ မြေအောက်ရေလှောင်ကန်ထဲသို့ ဆင်းသွားရာမှ ဓာတ်လိုက်သေဆုံးမှု အောက်တိုဘာလ ၁၂ ရက် ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
သေဆုံးသူမှာ ကျပန်းလုပ်ကိုင်သည့် အသက် ၂၉ နှစ်အရွယ် ကိုကျော်ဇင်သန်းဖြစ်ပြီး ဒေါပုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ကိုကျော်ဇင်သန်းက RC ငါးထပ်တိုက်၏ မြေညီထပ်ရှိ အလျား ၁၀ ပေ၊ အနံ ၆ ပေ၊ အနက် ၅ ပေ ရှိသော မြေအောက်ရေလှောင်ကန်ဆေးရန်အတွက် ရေစုပ်ပန့်ပလပ် မဖြုတ်ဘဲ မြေအောက်ရေလှောင်ကန်ထဲသို့ ဆင်းသွားရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ခဲ့ရာ PR -81 ဖြင့် လက်ခံထားပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ်ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
