သတိုး
၁၃. ၁၀. ၂၀၂၆
ပြည်တွင်းနေရာအနှံ့ စစ်ပွဲများဒဏ် ခံနေရသော မြန်မာနိုင်ငံကို အာဆီယံ၏ အစည်းအဝေးများသို့ ပြန်လည်ပါဝင်လာစေရန် အာဆီယံ၏ ကြိုးပမ်းမှုများတွင် ဂျပန်နိုင်ငံအနေဖြင့် မည်သို့ကူညီပံ့ပိုးပေးနိုင်သည်ကို စဉ်းစားသင့်ကြောင်း ဂျပန် ဝန်ကြီးချုပ်ဟောင်း ဖူမီအို ကိရှိဒါက တနင်္လာနေ့တွင် Nikkei Asia သို့ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ပြန်လည်ပါဝင်လာခြင်းသည် အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုအတွက် အရေးပါသည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။
ဂျပန် ဝန်ကြီးချုပ်ဟောင်း ဖူမီအို ကိရှိဒါသည် အာဆီယံနှင့် ဂျပန် ဆက်ဆံရေး၊ အာဆီယံဒေသတွင်းအဖွဲ့အစည်း၏ မြန်မာ့အရေး ကြိုးပမ်းမှုများ စသည်တို့ကို ဘန်ကောက်မြို့၌ အောက်တိုဘာ ၁၂ ရက်တွင် Nikkei Asia နှင့် တွေ့ဆုံမေးမြန်းစဉ် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း အမြင်အမျိုးမျိုး ရှိနေကြပေမဲ့၊ အာဆီယံ စည်းလုံးညီညွတ်မှု ရှုထောင့်ကကြည့်ရင် မြန်မာနိုင်ငံကို အာဆီယံ မူဘောင်အတွင်းထဲ စနစ်တကျ ပြန်လည်ခေါ်ဆောင်ရေးဟာ အရေးကြီးတယ်လို့ နိုင်ငံအများအပြားက ခံစားကြရပါတယ်” ဟု ၎င်းက ပြောသလို “အနာဂတ်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှိ၊ မရှိဆိုတာကို ဂျပန်နိုင်ငံအနေနဲ့ ဆက်လက်စဉ်းစား သုံးသပ်သွားရမယ်လို့ ယူဆပါတယ်” ဟုလည်း သုံးသပ်ခဲ့သည်။
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ကွာလာလမ်ပူမြို့တွင် မြန်မာနိုင်ငံမှ သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့အပြီး ရက်ပိုင်းအလို ဘန်ကောက်ခရီးစဉ်အတွင်း ကိရှိဒါက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုတွေ့ဆုံမှုအတွင်း မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော သောင်းပေါင်းများစွာသော မြန်မာနိုင်ငံသားများကို ပြန်လည်လက်ခံရန် ဦးမင်းအောင်လှိုင်က သဘောတူခဲ့သလို အန်ဝါကလည်း မြန်မာနိုင်ငံကို အာဆီယံထံ ပြန်လည်ခေါ်ဆောင်ရေး ကူညီမည်ဟု ကတိပြုခဲ့သည်။
ကိရှိဒါသည် မြန်မာ့တပ်မတော်က မဲမသမာမှုပြုသော NLD အစိုးရဟောင်းကို တာဝန်ရပ်နားပြီး ထိုစဥ်က NLD ပါတီ ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ဝန်ကြီးချုပ် တာဝန်စတင်ယူခဲ့သူဖြစ်သည်။
အာဏာထိန်းသိမ်းပြီး မကြာမီမှာပင် အာဆီယံခေါင်းဆောင်များသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံအတွက် တူညီဆန္ဒ ၅ ချက်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများကျင်းပရေး၊ ညှိနှိုင်းစေ့စပ်ပေးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး စသည့် အချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ကိရှိဒါ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ပါဝင်တက်ရောက်ခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးများ အပါအဝင် အာဆီယံ အစည်းအဝေးများမှ မြန်မာနိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်များ တက်ရောက်ခွင့် ရုပ်သိမ်းခံခဲ့ရသည်။
မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သူ ဦးမင်းအောင်လှိုင်သည် ဧပြီလတွင် သမ္မတတာဝန် ရရှိခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရရှိထားကြောင်း ပြသရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မလေးရှား အပါအဝင် နိုင်ငံအများအပြားသို့ သွားရောက်ခဲ့သည်။ ထို့အထဲတွင် တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့လည်း ပါဝင်ခဲ့သည်။
ဂျပန်အောက်လွှတ်တော်အမတ်နှင့် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ဂျပန်ကြီးထွားမှုမဟာဗျူဟာ ဌာနချုပ်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူထားသည့် ကိရှိဒါက “မြန်မာနိုင်ငံဟာ အာဆီယံ စည်းလုံးညီညွတ်မှုအတွက် ရေရှည်စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် “အာဆီယံထဲက သက်ဆိုင်သူတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုတွေ ရှိကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဖွဲ့အစည်းအသီးသီးကလည်း သူတို့နည်း သူတို့ဟန်နဲ့ ကြိုးပမ်းနေကြပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ကိရှိဒါသည် ၂၀၂၃ ခုနှစ်က တိုကျိုမြို့၌ ကျင်းပခဲ့သည့် ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အနှစ် ၅၀ ပြည့် အထူးထိပ်သီးအစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သူဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းသည် “သမိုင်းဝင် အကူးအပြောင်း ကာလသို့ ရောက်ရှိနေပြီ” ဖြစ်၍ ဂျပန်-အာဆီယံ ဆက်ဆံရေးသည် ပိုမိုအရေးပါလာကြောင်း ၎င်းက အလုံးစုံ သုံးသပ်ပြောကြားခဲ့သည်။
ကုလသမဂ္ဂကဲ့သို့သော ရိုးရာအဖွဲ့အစည်း မူဘောင်များ ထိရောက်စွာ လည်ပတ်နိုင်ရန် ရုန်းကန်နေရချိန်တွင် အင်အားကြီးနိုင်ငံများသည် အင်အားသုံး၍ မူလအခြေအနေများကို ပြောင်းလဲရန် ဆက်လက်ကြိုးပမ်းနေကြကြောင်း ဝန်ကြီးချုပ်ဟောင်းက ပြောသည်။
“လွတ်လပ်မှု၊ ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး စတဲ့ တန်ဖိုးတွေကို ပူးတွဲမျှဝေထားကြတဲ့ နိုင်ငံတွေအနေနဲ့ သီးခြားဒေသတွေနဲ့ သီးခြားကိစ္စရပ်တွေမှာ လက်တွဲဆောင်ရွက်ဖို့ဟာ ဘယ်တုန်းကနဲ့မှ မတူအောင် အရေးပါလာနေပါတယ်။ ဒါကြောင့်မို့လို့ အာဆီယံ မူဘောင်နဲ့ အာဆီယံနဲ့ ဂျပန်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ပိုပြီး အရေးပါလာတာ ဖြစ်ပါတယ်”ဟုလည်း ကီရှီဒါက ဆက်လက် ပြောကြားသည်။
ထိုင်းနိုင်ငံသို့ မလာရောက်မီ စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်း (Lawrence Wong) အပါအဝင် အဓိက ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်းလည်း ကိရှိဒါက ထုတ်ဖော်ပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူမည်ဖြစ်သည်။
“လာမယ့်နှစ် မတိုင်မီ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ အရေးကြီးပုံကို အပြန်အလှန် သဘောတူခဲ့ကြပါတယ်၊ ဒါဟာ အလွန်အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် တရုတ်နိုင်ငံကို ရည်ညွှန်းလျက်၊ ဂျပန်နှင့် အာဆီယံ ဆက်ဆံရေးကို အခြားနိုင်ငံများနှင့် ကွဲပြားစေသည့် အချက်မှာ ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု တရားဝင်စတင်ခဲ့သည့် ၁၉၇၃ ခုနှစ်မှစ၍ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် တည်ဆောက်ခဲ့သော ယုံကြည်မှုဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဒီလို ရေရှည်တည်ဆောက်ခဲ့တဲ့ ယုံကြည်မှု ဆက်ဆံရေးဟာ ဂျပန်နိုင်ငံရဲ့ အဓိက အားသာချက်တစ်ခုနဲ့ အကြီးမားဆုံး ခွန်အားတွေထဲက တစ်ခုဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ကိရှိဒါက ပြောကြားခဲ့သည်။
Ref: Nikkei Asia
