သတိုး
၁၃. ၁၀. ၂၀၂၆
ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် တနင်္လာနေ့က အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက အမဲလိုက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ဆရာတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ကျောင်းဝန်ထမ်းတစ်ဦးက သေနတ်ကို လုယူသိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုမှာ မာဆေးလ် (Marseille) မြို့အနီး တောင်ပိုင်းမြို့ငယ်တစ်ခုဖြစ်သော အူဘန်းနီး (Aubagne) ရှိ ဂျိုးဇက်-လာကာနယ် (Joseph-Lakanal) အလယ်တန်းကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တတိယမြောက် လူတစ်ဦးလည်း သေနတ်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ပြင်သစ်နိုင်ငံ၌ ဖြစ်ပွားခဲ့သော အထက်တန်းကျောင်းသားများ၏ ဆန္ဒပြပွဲများနှင့် ဆက်စပ်မှုမရှိဟုလည်း သိရသလို ရဲတပ်ဖွဲ့က”အဆိုပါ အလယ်တန်းကျောင်းသည် အထက်တန်းကျောင်းသားများ၏ ဆန္ဒပြပွဲများနှင့် သက်ဆိုင်ခြင်းမရှိပါ” ဟု AFP သို့ ပြောကြားခဲ့သည်။
မာဆေးလ်မြို့ အစိုးရ ဒုတိယရှေ့နေ သြဒရီ ဂျူအန်းတန် (Audrey Jouaneton) က “သံသယရှိသူသည် ဂစ်တာအိတ် ပုံစံဖြင့် အိတ်တစ်လုံးကို ကိုင်ဆောင်ဝင်ရောက်လာခဲ့သည်။ ထို့နောက် အဆိုပါ ဂစ်တာအိတ်အတွင်းမှ သေနတ်ရှည်တစ်လက်ကို ထုတ်ယူခဲ့ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။
ပစ်ခတ်သူသည် ဆရာများနှင့် ကျောင်းသားများ ရှိနေသည့် စာသင်ခန်းအတွင်း အနည်းဆုံး စီးနင်းပစ်ခတ်မှု ၄ ချက် ပြုလုပ်ခဲ့ပြီး ကျောက်သင်ပုန်းတွင်လည်း ကျည်ဆန်ထိမှန်သည့် အမှတ်အသား ကျန်ရစ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထိုပစ်ခတ်မှုကြောင့် အသက် ၅၃ နှစ်အရွယ် ကျောင်းအုပ်ကြီးနှင့် အသက် ၃၇ နှစ်အရွယ် ဆရာတို့မှာ ကျည်ထိမှန်သော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း အာဏာပိုင်များ၏ အဆိုအရ သိရသည်။
“သံသယရှိသူသည် အကြောင်းရင်း မသိရသေးဘဲ ကျောင်းအုပ်ကြီးအား ပစ်ခတ်ခဲ့ရာ ပေါင်နှင့် ခါးအောက်ပိုင်းတို့တွင် သေနတ်ကျည်စများ ထိမှန်ခဲ့ရသည်” ဟု ဘူးရှ်-ဒူ-ရုန်း (Bouches-du-Rhone) ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဂျက်ကီး ဝစ်ကော့စကီး (Jacques Witkowski) က ပြောကြားခဲ့သည်။
ထို့နောက် ၎င်းသည် ဒုတိယမြောက် ဆရာတစ်ဦးကို ထပ်မံပစ်ခတ်ခဲ့ရာ ပေါင်တွင် ကျည်ဆန်ထိမှန်ခဲ့ပြီးနောက် ကျောင်းဝန်ထမ်းတစ်ဦးက သေနတ်ကို လုယူလိုက်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သံသယရှိသူသည် ယခင်က ပြစ်မှုကျူးလွန်ဖူးသည့် မှတ်တမ်း သို့မဟုတ် အစွန်းရောက်မှု မှတ်တမ်းများ မရှိခဲ့ပါ” ဟု ဝစ်ကော့စကီးက ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်သူ ဆာရာ (Sarah) က စပိန်ဘာသာစကား သင်ကြားနေစဉ် မီးဘေးသတိပေးခေါင်းလောင်းသံ ကြားရသဖြင့် စာသင်ခန်းအပြင်ဘက် စင်္ကြံသို့ ထွက်လာချိန် သေနတ်သမားနှင့် ရင်ဆိုင်တိုးခဲ့ချိန်”သူ စပြီး ပစ်ခတ်တော့တာပဲ။ ပြီးတော့ ‘ငါ ဆရာတွေကိုပဲ လာပစ်တာ၊ ကျောင်းသားတွေကို မဟုတ်ဘူး’ လို့ ပြောခဲ့တယ်” ဟု သူမက AFP ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်ရန် ကြံစည်မှုဖြင့် စုံစမ်းစစ်ဆေးမှုများ စတင်ဖွင့်လှစ်ထားပြီး ဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားရာသို့ သွားရောက်ခဲ့သည့် ပြင်သစ် ပြည်ထဲရေးဝန်ကြီး လော်ရင့် နူနက်ဇ် (Laurent Nunez) က သံသယရှိသူ၏ မိဘနှစ်ပါးအား ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးသူများသည် ယခုလူငယ် မည်သို့မည်ပုံ ဤသေနတ်ကို ကိုင်ဆောင်ခွင့်ရရှိသွားသည်ကို စုံစမ်းစစ်ဆေးနေကြကြောင်း နူနက်ဇ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ပြင်သစ်သမ္မတ အီမန်နူအယ် မက်ခရွန် က X (ယခင် Twitter) လူမှုကွန်ရက်တွင် ကျောင်းဆရာများနှင့် ဝန်ထမ်းများ၏ လျှင်မြန်သော တုံ့ပြန်မှုကို ချီးကျူးခဲ့သည်။
“အဆိုးရွားဆုံး ဖြစ်စဉ် ဖြစ်မလာအောင် တားဆီးပေးခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ တည်ငြိမ်မှုနဲ့ စံနမူနာပြ တုံ့ပြန်ဆောင်ရွက်မှုကို ကျွန်တော် ချီးကျူးပါတယ်” ဟု သမ္မတ မက်ခရွန်က ရေးသားခဲ့သည်။
တနင်္လာနေ့က အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့သည့် ပညာရေးဝန်ကြီး အက်ဒူးအာ ဂျက်ဖရေး (Edouard Geffray) ကလည်း ယခုကဲ့သို့ အကြမ်းဖက်မှုများကို အရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
“ဒါတွေဟာ ကမ္ဘာ့လူမှုရေး ဖြစ်စဉ်တစ်ခုလို ဖြစ်နေတယ်။ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းအလိုက် တုံ့ပြန်ဆောင်ရွက်ရပါမယ်။ ကျောင်းတွေအနေနဲ့ပဲ အရာရာကို မလုပ်ဆောင်နိုင်ပါဘူး၊ ကျောင်းတွေက ကြီးမားတဲ့ အကြမ်းဖက်မှုတွေကို တစ်ဦးတည်း မဖြေရှင်းနိုင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် လများအတွင်း ပြင်သစ်ကျောင်းများတွင် အကြမ်းဖက်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့သဖြင့် အချို့သော ကျောင်းများတွင် ကျောင်းအဝင်၌ အိတ်များ စစ်ဆေးသည့် စနစ်များ ကျင့်သုံးခဲ့ရသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလက ပြင်သစ်တောင်ပိုင်းတွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် အသက် ၆၀ အရွယ် အနုပညာဘာသာရပ်သင် ဆရာမတစ်ဦးကို အနည်းဆုံး ၃ ချက် စာသင်ခန်းအတွင်း ဓားဖြင့် ထိုးခဲ့သဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
လွန်ခဲ့သည့်နှစ် ဇွန်လကလည်း အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် ပြင်သစ်အရှေ့ပိုင်းတွင် ဆရာမ၏ အကူတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထို့အပြင် လွန်ခဲ့သည့်နှစ် ဧပြီလကလည်း ကျောင်းသားတစ်ဦးသည် စာသင်ခန်းအများအပြားအတွင်း ဓားဖြင့် လိုက်လံထိုးခုတ်ခဲ့သဖြင့် ကျောင်းသူတစ်ဦးနှင့် အခြားကျောင်းသား ၃ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
Ref: AFP
