၁၃.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဂျော်ဂျီယာနိုင်ငံ မြို့တော်တီဘလီဆီ၌ ဇူလိုင်လအတွင်းက မသဲမကွဲ အခြေအနေဖြင့် သေဆုံးခဲ့ရသော ထိုင်းနိုင်ငံသား အင်တာနက်ပေါ်တွင် ဗီဒီယိုဘလော့ဂ်များ ဖန်တီးမျှဝေပေးသူ နာမည်ကျော် ခရီးသွား Vlogger တစ်ဦးဖြစ်သူ လွှန် ဆိုလို (Hlun Solo) သေဆုံးခဲ့မှုနှင့် ပတ်သက်၍ အန္တရာယ်ရှိသော ပစ္စည်းများ သို့မဟုတ် အကြမ်းဖက်ခံရသည့် သက်သေအထောက်အထား တစ်စုံတစ်ရာကိုမျှ ယခုအချိန်အထိ မတွေ့ရှိရသေးကြောင်း ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးအရာရှိများက အောက်တိုဘာလ ၁၂ ရက်တွင် ပြောကြားခဲ့ကြသည်။
Hlun ၏ အစ်ကိုဖြစ်သူ ဆွမ်ဆက် ဘုသ်စရီ (Somsak Bootsri) က Hlun ၏သေဆုံးမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု အခြေအနေနောက်ဆုံးသတင်းကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
မှုခင်းဆေးပညာဆိုင်ရာ ရုပ်အလောင်းစစ်ဆေးမှု ပြုလုပ်ရာတွင် Hlun ၌ စိတ်ငြိမ်ဆေး သို့မဟုတ် အိပ်ဆေးများ တွေ့ရှိရခြင်း မရှိသလို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရစေသည့် တိုက်ခိုက်ခံရမှု လက္ခဏာများကိုလည်း မတွေ့ရှိခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
သို့သော်လည်း အသေးစိတ် စစ်ဆေးမှုများအရ အီသိုင်း အယ်လ်ကိုဟော အရက်ဓာတ် ပမာဏ သုည ဒသမ ၃၃ ရာခိုင်နှုန်း ပါဝင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း Klose Mos ဟူသော Facebook စာမျက်နှာတွင် ၎င်းက ရေးသားဖော်ပြခဲ့သည်။
အရက်ယမကာ အများစုတွင် အီသိုင်း အယ်လ်ကိုဟော ပမာဏ အနည်းငယ်သာ ပါဝင်လေ့ရှိသော်လည်း တရားမဝင် ထုတ်လုပ်သော အရက်များတွင်မူ ယင်းပမာဏမှာ များစွာ ပိုမိုမြင့်မားလေ့ရှိသည်။
Cleveland Clinic ဆေးခန်း ၏ အဆိုအရ သွေးတွင်း၌ အီသိုင်း အယ်လ်ကိုဟော အရက်ဓာတ်ပမာဏ သုည ဒသမ ၃ ရာခိုင်နှုန်း ရာခိုင်နှုန်းမှ သုည ဒသမ ၄ ရာခိုင်နှုန်းအကြား ရှိနေခြင်းသည် အသက်အန္တရာယ် ဖြစ်စေနိုင်သည်ဟု သတ်မှတ်ထားသည်။
ရုပ်အလောင်း စစ်ဆေးမှု လုပ်ငန်းစဉ် အဆင့်ဆင့်အားလုံး ပြီးဆုံးသည်အထိ သေဆုံးရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ မည်သည့်ကောက်ချက်ကိုမျှ ထုတ်ပြန်မည် မဟုတ်ကြောင်း ဂျော်ဂျီယာ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“ယနေ့အချိန်အထိ မိသားစုအနေနဲ့ ကျွန်တော့်ညီရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ အဖြေကို စောင့်မျှော်နေဆဲပါ” ဟု ဆွမ်ဆက်က ရေးသားခဲ့သည်။ ဂျော်ဂျီယာနိုင်ငံရှိ လုပ်ထုံးလုပ်နည်းများသည် အချိန်ယူရသည်ကို မိသားစုဝင်အားလုံး နားလည်သဘောပေါက်ထားကြသည်။
အောက်တိုဘာလ ၆ ရက်တွင် ဂျော်ဂျီယာဘက်မှ ထိုင်းသံတမန်များထံ နောက်ဆုံးအခြေအနေကို အသိပေးခဲ့ပြီးနောက် တူရကီနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှတစ်ဆင့် ၎င်းထံသို့ အဆိုပါ သတင်းအချက်အလက်များ ရောက်ရှိလာခြင်း ဖြစ်သည်။ တူရကီနိုင်ငံရှိ ထိုင်းသံရုံးသည် ဂျော်ဂျီယာနိုင်ငံဆိုင်ရာ ကိစ္စရပ်များကိုပါ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
အသက် ၂၆ နှစ်အရွယ် Hlun ၏အမည်ရင်းမှာ Bowornthat Pengsuk ဖြစ်သည်။ ၎င်းကို ဇူလိုင်လ ၁၄ ရက်တွင် ဂျော်ဂျီယာမြို့တော် တီဘလီဆီရှိ ဟိုတယ်အခန်းတစ်ခန်း၌ သေဆုံးလျက် တွေ့ရှိခဲ့ရသည်။ ထိုင်းနိုင်ငံ ကာလာဆင်မြို့ ဒေသခံဖြစ်သူ Hlun ၏ ရုပ်အလောင်းကို ဩဂုတ်လအတွင်းက ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သော်လည်း ဖြစ်စဉ်ဖြစ်ပွားရာနေရာတွင် တွေ့ရှိရသည့် ကိုယ်ပိုင်ပစ္စည်းများကိုမူ စုံစမ်းစစ်ဆေးမှုအတွက် သိမ်းဆည်းထားခဲ့သည်။
Hlun သည် ကမ္ဘာအနှံ့ တစ်ယောက်တည်း ခရီးသွားလာခဲ့သူဖြစ်ပြီး ၎င်း၏ ခရီးသွားဗီဒီယိုများကို YouTube တွင် ကြည့်ရှုသူ ၁ ဒသမ ၅ သန်းနီးပါးနှင့် Facebook စာမျက်နှာတွင် follower ၄ သန်းခန့်က ၎င်း၏ခရီးစဉ်ကို စောင့်ကြည့်အားပေးခဲ့ကြသည်။
Ref: Bangkok Post
