




၁၃.၁၀.၂၀၂၆
Written by KL
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ကျင်စန်းကျော့နှင့် ကြူကုတ် (ပန်ဆန်း) မြို့ကြားရှိ ရေပြာအိုင်ရေတံခွန်တွင် ရေနစ်ကာ ပျောက်ဆုံးနေသော လူငယ်နှစ်ဦးကို ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းသွားရောက်သယ်ယူပေးသည့် မြင့်မြတ်ပါရမီအသင်းထံမှ သိရသည်။
အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က အသက် ၂၀ အရွယ် ကိုချမ်းစည်သူနှင့် အသက် ၁၈ နှစ်အရွယ် ကိုကျော်ဇင်ထက်တို့ ရေတံခွန်တွင် ရေကူးကစားရာမှ ရေကူးမကျွမ်းကျင်သဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီရင်း နစ်မြုပ်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ကူးတဲ့နေရာက အောက်မှာ အတောင် ၂၀ လောက်နက်တဲ့ ဒယ်အိုးပုံစံရှိတဲ့ ချိူင့်ဝှမ်းထဲကို ကျသွားတာ “ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
သေဆုံးသူနှစ်ဦးမှာ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင်နေထိုင်ပြီး စတီးနှင့်သံပန်းလုပ်ငန်းတွင် လုပ်ကိုင်သူများဖြစ်ကာ အလုပ်ပိတ်ရက်၌ ရေတံခွန်သို့ လာရောက်ရေကစားရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။
ရေနစ်သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို မြင့်မြတ်ပါရမီ လူမှုကူညီရေး အသင်း၊ ပါရမီလူမှုကူညီရေးအသင်းတို့မှ အသင်းဝင်များနှင့် တာဝန်ရှိသူတို့က ဆယ်ယူခဲ့ကြပြီး မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ မူဆယ်မြို့ မြို့မသုသာန်တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီရေပြာအိုင်က အင်တာနက်၊ တစ်တော့ပေါ်မှာတော့ ဘယ်လိုလှတယ်၊ ဘယ်လိုသာယာတယ်ပြောကြပေမယ့် ဘယ်လောက်အထိ ခေါင်တယ်၊ ဘယ်လောက်ထိ အန္တရာယ်များလဲဆိုတာကို မပြောကြဘူး။ ရေအိုင်ရဲ့အောက်ခြေမှာ ဂလိုင်ပေါက်တွေရှိတာကြောင့် ဒေသခံတွေတောင်မလာရဲဘူး။ အခုဖြစ်စဥ်မတိုင်ခင်ကလည်း ရှစ်ယောက်လောက် ရေနစ်ပြီး ရုပ်အလောင်းတောင်ပြန်မပေါ်တာတွေရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
