

၁၃.၁၀.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြို့သစ်ကြီးရပ်ကွက်၊ နယ်မြေ (၁၁) တွင် မျက်နှာကြက် မီးလုံးသို့ သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ လူနေအိမ် တစ်လုံးမီးလောင်မှု ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက် ၁ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း တစ်ထပ်နေအိမ်ရှိ အိပ်ခန်းတွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ရေသယ်ယာဥ် နှစ်စီးဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
“မြစ်ကြီးနားမှာ လောင်တဲ့မီး အများစုက လျှပ်စစ်ကို ပေါ့ဆပြီး သုံးစွဲရာကနေ မီးလောင်မှုဖြစ်တာများတာကြောင့် လျှပ်စစ်ကို အသုံးပြုတဲ့နေရာမှာ သတိရှိရှိနဲ့ သုံးစွဲသင့်ပါတယ်”ဟု အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လူနေအိမ်တစ်လုံး မီးလောင်မှုကြောင့် အသက် ၅၁ နှစ်အရွယ် ဒေါ်လုထွယ်ကို မြစ်ကြီးနားနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
