သက်တံ့
၁၃. ၁၀. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် (Churachandpur) ခရိုင်အတွင်း သတင်းပေးချက်အရ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦး အပါအဝင် လူနှစ်ဦး ဖမ်းမိခဲ့ပြီး ဘိန်းညို (Brown sugar) ၉၀၀ ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မဏိပူရ်ရဲတပ်ဖွဲ့သည် သတင်းပေးချက်အရ ချပ်ဂိုး (Khupgou) ရွာမှ အသက် ၃၇ နှစ်အရွယ် ချင်းမွန်ချင် ဆမ်တေး (Chingmuanchin Samte) အမည်ရှိ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းထံမှ ဘိန်းညို အလေးချိန် ခန့်မှန်းခြေ ၉၀၀ ဂရမ် ပါရှိသည့် ဆပ်ပြာခွက် ၄၅ ခွက်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိသူ ဆမ်တေးအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာမှတစ်ဆင့် ၎င်းအား မူးယစ်ဆေးဝါးများ တင်သွင်းပေးနေသူဟု စွပ်စွဲခံရသူ အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား ပေါမွန်သန်း တန်းနုန်း (Paumuonthang Tungnung) ဆိုသူကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းနေထိုင်ရာ ဘိုလ်ဂျို (Boljol) ရွာတွင်ပင် ဆက်လက် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ချူရာချန်ပူရ် ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ (NDPS Act) နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားများ အက်ဥပဒေတို့အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိသေးပေ။
Ref: India Today
