MT News
၁၃. ၁၀. ၂၀၂၆
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးစီးခဲ့သူများအနက် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်လိုသူများကို ၎င်းတို့ဆန္ဒပြုသည့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နိုင်ရေး၊ ထိုသို့ သွားရောက်လုပ်ကိုင်ရာတွင် ကောင်းမွန်သည့်အလုပ်အကိုင်များရရှိစေရေး၊ ဝန်ဆောင်ခများသက်သာစေရေး သို့မဟုတ် အလုပ်ရှင်၏ကုန်ကျစရိတ်ဖြင့် သွားရောက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်ချိတ်ဆက်၍ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ စာရင်းပြုစုခြင်း၊ အရည်အချင်းစိစစ်ခြင်း၊ ကျွမ်းကျင်မှုသင်တန်းပို့ချခြင်းနှင့်စေလွှတ်ရေးလုပ်ငန်းစဉ်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုကြောင်း ဆန္ဒပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနက် ပြည်သူ့စစ်မှုထမ်းတစ်ဦးအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် Golden Plant Services Co., Ltd. အစီအစဉ်ဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရေး စတင်စေလွှတ်ပေးနိုင်ခဲ့ပြီး မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေပြီ ဖြစ်သည်။
ဆက်လက်၍ ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းသို့ ငါးဦးနှင့် မလေးရှားနိုင်ငံရှိကုန်ထုတ်လုပ်ငန်းသို့ ငါးဦးတို့အား အမြန်စေလွှတ်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ပြီးစီးခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်တိုးတက်လာရုံမျှမက အနာဂတ်အတွက်ကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
