ပုံစာ။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပါဝင်တက်ရောက်ကာ မိန့်ခွန်းပြောခဲ့သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်” ၏ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး မြင်ကွင်း။
သက်တံ့
၁၃. ၁၀. ၂၀၂၆
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် အာကာသ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၏ အတည်ပြုချက်ရယူသည့် လုပ်ငန်းစဉ် (Ratification procedure) ကို ပြီးစီးသွားပြီ ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းအရ သိရသည်ဟု ရုရှားနိုင်ငံပိုင် Tass သတင်းဌာနက အတည်ပြုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် မော်စကိုမြို့၌ လက်မှတ်ရေးထိုးခဲ့သော အဆိုပါ သဘောတူညီချက်သည် “အာကာသဆိုင်ရာ ဆောင်ရွက်မှု နယ်ပယ်အသီးသီးတွင် အသုံးပြုရန် ရည်ရွယ်ထားသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အရင်းအမြစ်များကို နှစ်ဖက် အပြန်အလှန် ပံ့ပိုးပေးခြင်းနှင့် ဖလှယ်ခြင်း” အပြင် “အာကာသဆိုင်ရာ စက်ပစ္စည်းများနှင့် ဝန်ဆောင်မှု ပေးအပ်သည့် နိုင်ငံတကာဈေးကွက်တွင် ပူးတွဲဆောင်ရွက်မှုများအတွက် ဆက်သွယ်ရေး လုပ်ငန်းစဉ်များ တိုးတက်လာစေခြင်း”တို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ထို အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် ဂြိုဟ်တု လမ်းညွှန်စနစ်များ (Satellite navigation)၊ အာကာသ ဆက်သွယ်ရေး၊ ကျွမ်းကျင်သူများ လေ့ကျင့်သင်ကြားပေးခြင်း၊ အာကာသ သိပ္ပံနှင့် ပြင်ပအာကာသ စူးစမ်းလေ့လာခြင်း၊ လူလိုက်ပါသော အာကာသခရီးစဉ်များ (Manned spaceflights) နှင့် အာကာသယာဉ် လွှတ်တင်ရေး ဝန်ဆောင်မှုများ ပါဝင်သည်ဟုလည်း သိရသည်။
ယမန်နှစ် စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပပြုလုပ်ပြီး နိုင်ငံပေါင်း ၁၀၅ နိုင်ငံ ပါဝင်တက်ရောက်သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်” ၏ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ ထိုအချိန်က ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးတာဝန်ယူခဲ့ပြီး လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပါဝင်တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သလို အဆိုပါဖိုရမ်အတွင်း ရုရှားနှင့် မြန်မာနိုင်ငံအကြား အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ပုံစာ။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပါဝင်တက်ရောက်ကာ မိန့်ခွန်းပြောခဲ့သည့် “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်” ၏ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး မြင်ကွင်း။
Ref: Tass
